ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က စီးပွားရေးပြေလည်သူ ၂ ဦးကို စရဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လှိုင်းဘုန်းကျေးရွာအုပ်စု၊ စလောင်းကျကျေးရွာမှာနေထိုင်တဲ့ စီးပွားရေးပြေလည်သူ ကိုမင်းပိုင်နဲ့ ကိုအောင်မင်းဦးတို့ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က PDF တွေနဲ့ ပတ်သက်တယ် လို့စွပ်စွဲကာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူတို့က ရွာမှာအဆင်ပြေပြေနေနိုင်တဲ့သူတွေပေါ့ အဲ့တာကို ဒလန်လုပ်နေတဲ့ စစ်ကောင်စီဘက်က လိုက်ရေးနေတဲ့ သတင်းနဂါးဆိုတဲ့အမည်ခံ ဦးမြင့်နိုင်က တိုင်လိုက်တာ အဓိကတော့ ပေါင်းဆိုဖို့ပေါ့ စီးပွားရေးပြေလည်တဲ့သူတွေဆိုတော့ ငွေညှစ်ဖို့ဖမ်းတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ဘေးရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်ကျွန်းမြို့နယ်မှာ စီးပွားရေးပြေလည်တဲ့သူတွေကို သတင်း နဂါးအမည်ခံ ဦးမြင့်နိုင်နဲ့ပေါင်းပြီး ဖမ်းဆီးတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
PDF တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုမင်းပိုင်နဲ့ ကိုအောင်မင်းဦးတို့ ၂ ဦးကို မော်ကျွန်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတာလို့ ဒေသခံတွေက ပြောပါတယ်။