ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ – EAOs တွေကို ကူညီထောက်ပံ့ပေးမယ့်အချက်များ ထည့်သွင်းရေးဆွဲထားသည့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ – NDAA ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ၂ ရပ်စလုံးက ယခုလအစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ လက်မှတ်ရေးထိုးခဲ့မှုကြောင့် အသက်ဝင်ခဲ့ပြီဖြစ်သည့် NDAA ဥပဒေတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှုအတွက် တိုက်ပွဲဝင် နေမှုကို ဆက်လက် ထောက်ခံ အားပေးရန်၊ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့ အစည်း များ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးရန်၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် အချက်များ ပါဝင်သည်။

ထို့ပြင် လူထုရွေးကောက်ထားသည့် အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ အရပ်သားအစိုးရ လက်အောက် စစ်တပ်ပြန်ရောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရန်၊ စစ်ကောင်စီထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရေသော စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီဆက်လက်ပေးအပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် မြန်မာပြည် တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်း ခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

ယင်းအချက်များအပြင် အာဏာသိမ်းစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီ၏စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူရန်၊ PDF နှင့် EAOများကို နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီများ ပေးအပ်သွားရန်စသော မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အရေးကြီးသောအချက်များ ပါဝင်သည်။

ယခုကဲ့သို့ အမေရိကန်နိုင်ငံ၏ NDAA ဥပဒေအတွင်းသို့ မြန်မာ့ဒီမိုကရေစီရေးအတွက် အချက် ၈ ချက် တရားဝင်ထည့်သွင်း ရေးဆွဲကာ အတည်ပြုပြဌာန်းခြင်းမှာ စစ်အာဏာရှင်စနစ် ဖြုတ်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက် မြန်မာပြည်သူလူထု ဆင်နွှဲနေသော “မြန်မာ့နွေဦး တော်လှန်ရေး”အောင်မြင်ဖို့အတွက် အင်အားကောင်းစေသောတွန်းအားတရပ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ကာကွယ်ရေးအသုံးစရိတ် ဉပဒေတစ်ခုဖြစ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေဟာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအတွက် အရေးပါတဲ့ အကျိုးကျေးဇူးနဲ့ တရားမျှတမှု ရရှိစေ ကာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ အမိမြေလုံခြုံရေးကို ထောက်ကူဖို့ အရေးပါတဲ့ လုပ်ပိုင်ခွင့် တွေ ပါဝင်တယ်လို့ ဂျိုးဘိုင်ဒင်က ပြောသည်။

NDAA အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ ဒေါ်လာ ၈၁၇ ဘီလီယံ ပေးအပ်မှာဖြစ်လို့ ဒီနှစ်အစောပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဘတ်ဂျက်အဆိုပြုချက်ထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုထောက်ပံ့မှာဖြစ်ကြောင်း သိရသည်။

NDAA မှာ အမေရိကန်စစ်တပ်ရဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်စွမ်းပကားအပြင် ဆိုက်ဘာလုံခြုံရေးကို အ ဆင့်မြှင့်တင်မယ့် ပြဌာန်းချက်တွေ ပါဝင်ပြီး မြန်မာ့အမေရးအပြင် ရုရှားကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်သို့လည်း ငွေကြေး ပံ့ပိုးကူညီမှာဖြစ်ကြောင်း သိရသည်။

ကိုးကား – CNN
Ref; Biden signs vital $858 billion defense bill into law, nixing military’s Covid-19 vaccine mandate