နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးမိန်းမတချို့ဟာ စစ်ကောင်စီတပ်တွေရဲ့ စွပ်စွဲဖမ်းဆီး ခံရမှာကြောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တာရှိတယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးမှုတွေပြုလုပ်လာပြီး နောက်ပိုင်း ခုလိုထွက်ပြေးတိမ်းရှောင်လာတာလို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးမိန်းမတွေက ပြောပါတယ်။

“ ရဲလိုင်းခန်းမှာ ဟိုးအရင်ထဲက မိန်းမတွေက အပြိုင်အဆိုင်ရှိတယ် တစ်ယောက်လုပ်တာ တစ်ယောက် စောင့်ကြည့်နေတာ အတင်းပြောတာ တိုင်တာမျိုးတွေရှိတယ် ခုလည်း အချင်းချင်း မနာလိုဘဲ PDF တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး တိုင်တာမျိုးတွေလုပ်တော့ စစ်တပ်ကလာဖမ်းမှာကြောက်ပြီး ထွက်ပြေးရတာ များတယ်”လို့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးမိန်းမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရဲလိုင်းခန်းမှာနေထိုင်တဲ့ ရဲမိန်းမအချင်းချင်း မနာလိုမှုတွေကြောင့် တိုင်ကြားရာကနေ ခုလိုမျိုး ထွက်ပြေး တိမ်းရှောင်ရတဲ့အထိ ဖြစ်လာတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ PDF တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် တွေရဲ့ ဇနီးမိန်းမ ၅ ဦးထိရှိနေပြီး အဲ့အထဲက ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့ဝင်ရဲ့ အမျိုးသမီးကိုတော့ ပြီးခဲ့တဲ့ လက ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

#ဧရာဝတီ #ရဲတပ်ဖွဲ့ #ဇနီးမိန်းမ #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times