ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

လက်ရှိဖြစ်နေတဲ့အခြေအနေမှာ နိုင်ငံကိုထိန်းသိမ်းနိုင် သည်မှာတပ်မတော်သာလျှင်ဖြစ်ပြီးတပ်မတော်အနေဖြင့် တချို့အရာများမှာအနစ်နာခံဆောင်ရွက်ခဲ့ရတာတွေရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲ့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၄ ရက် မနေ့က ဧရာဝတီတိုင်း၊ပုသိမ်မြို့ကိုလာရောက်ပြီး သူ့ရဲ့လက်အောက်ခံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)နဲ့ လက်အောက် ခံတပ်ရင်း/တပ်ဖွဲ့ဝင်တွေကိုတွေ့ဆုံစဥ်မှာ အာဏာသိမ်းခဲ့ရတဲ့ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အခုလိုပြောဆိုစည်းရုံးခဲ့တာပါ။

ဒါ့အပြင် နိုင်ငံအတွင်း နိုင်ငံရေးလုပ်ဆောင်နေတဲ့ နိုင်ငံ ရေးသမားတွေအနေနဲ့ နိုင်ငံရေးရင့်ကျက်မှုနဲ့ သဟဇာ တဖြစ်မှုရှိရန် လိုအပ်နေသေးတာကိုတွေ့နေရတယ်လို့ စစ်ခေါင်းဆောင်က ဝေဖန်ပြောဆိုသွားပါသေးတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေနဲ့ CDM တွေများပြားလာတာကြောင့်အာဏာ သိမ်းစစ်ခေါင်းဆောင် ၂ ယောက်ဟာ တမြို့ဝင်တမြို့ထွက် အောက်ခြေအဆင့်တွေကို အာဏာသိမ်းမှုအခြေ အနေတွေနဲ့ပတ်သက်ပြီး အခုလိုလိုက်လံစည်းရုံးဟော ပြောနေရတာပါ။

ခုလက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေလို့ ပုသိမ်မြို့နဲ့အနီးတဝိုက်ကို ကုန်းကြောင်း၊ရေကြောင်း လုံခြုံရေး အပြည့်ချထားပြီး စစ်ဆေးမှုတင်းကျပ်နေတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။