ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်သားများအနက် ဘိုကလေးမြို့နယ်က တရားလွှတ်တော်ဦးစန်းလွင်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်၂နှစ်ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေကနေသိရပါတယ်။

“သူကို ဘိုကလေးမှာ အာဏာသိမ်းတာကို ဆန္ဒပြပွဲတွေမှာပါလို့ ၅၀၅ က နဲ့ အမိန့်ချလိုက်တာ ထောင်ထဲမှာ အချုပ်ကျနဲ့နေတာ တစ်နှစ်ကျော်နေပြီ”လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖျာပုံထောင်တွင်းတရားရုံးက အမိန့်ချရာမှာ ရှေ့နေ ဦးစန်းလွင် အပါအ၀င် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဘိုကလေးမြို့ NLD ပါတီလူငယ် ၈ ဦးကိုပါ ထောင်ဒဏ်၂ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး လက်ရှိတစ်နှစ်ကျော်ကြာ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်လို့ရှေ့နေအသိုင်းအ၀န်းကနေ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်ဟာ စစ်ကောင် စီရဲ့ဖမ်းဆီးခြင်းကိုမခံရခင်က ဘိုကလေးမြို့ကဆင်းရဲ နွမ်းပါးတဲ့အမှုသည်တွေကို အခမဲ့ကူညီပေးနေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်မှာ ဧရာ၀တီတိုင်းအတွင်းရေးမှူးအဖြစ် တာ၀န်ယူနေရသူလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က နိုင်ငံရေးအကျဥ်းသားများရဲ့အမှုတွေကိုအခမဲ့ကူညီနေတဲ့တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို ဟင်္သာတမြို့နယ် တရားရုံး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအ၀န်းကနေ သိရပါတယ်။

#ဘိုကလေး #ရှေ့နေ #ထောင်ဒဏ် ၂ နှစ် #ချမှတ်ခံရ #Ayeyarwaddy_Times