ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်
မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်ငါးနိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးတွေဟာ ဒီဇင်ဘာလ ၂၂ ရက်က ထိုင်း နိုင်ငံမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွီနိုင်းက အဆို ပြုတဲ့ အလွတ်သဘော အစည်းအဝေးကို မြန်မာ့အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုဆိုင်ရာ သုံးသပ်မှုနဲ့ ဆုံးဖြတ် ချက် အချက် ၁၄ အရ အစည်းအဝေးကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံကိုကူညီဖို့ အာဆီယံနိုင်ငံတွေရဲ့ စုပေါင်းကြိုး
ပမ်းမှုတွေကို ထောက်ပံ့ပေးနိုင်တဲ့ အခြားနည်းလမ်းတွေ ရှာဖွေဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“ဒီအလွတ်သဘော အစည်းအဝေးဟာ ဘုံသဘော တူညီချက်ငါးရပ် ဖော်ဆောင်ဖို့ကြိုးပမ်းရာမှာ မြန် မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေတွေကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးဖို့ ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေအတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းစေပြီး ငြိမ်းချမ်းရေး အမြန်ရရှိစေမယ့် “ထွက်ခွာရေးမဟာဗျူဟာ” ကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ငြိမ်းချမ်းသော နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် ရှာဖွေကာ မြန်မာပြည်သူတွေနဲ့ အာဆီယံရဲ့ အကျိုးအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေး မြန်မာနိုင်ငံကိုကူညီဖို့ လာမယ့် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံနဲ့ အထူးသံတမန်ကို ကမ္ဘောဒီးယားနိုင်ငံက အပြည့်အဝ ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
ကိုးကား – The Phnom Penh Post
Ref; Myanmar consultation discusses ‘exit strategy’