ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ဝင်ငွေခွန်ဆောင်ရာတွင် စစ်ကောင်စီ လက်အောက်ခံ အခွန်ဌာနက ဆိုင်အပေါ်မူတည်၍ လာဘ်ငွေ ၅ သိန်းမှ သိန်းဆယ်ဂဏန်းအထိ တောင်းခံနေပြီး မပေးလျှင် အခွန်ဌာနက ပြဿနာရှာမည်စိုးသောကြောင့် ပေးနေရကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင် ပိုင်ရှင်များထံက သိရသည်။
အခွန်ဌာနက ဆိုင်အကြီးအသေးအပေါ် မူတည်ပြီး ဝင်ငွေအပေါ်မူတည်ပြီးတော့ ငွေတောင်းနေတာ။ ကျပ်သိန်းဂဏန်းကတော့ အနည်းဆုံးပဲ။ တချို့ဆို ၅ သိန်း ၆ သိန်း ပေးရတယ်။ ဆိုင်အရမ်းကြီးရင် ၁၀ သိန်း ကျော်တာတွေရှိတယ်။ မပေးလို့မရဘူး။ မပေးရင် အသေရစ်တာ။ အဲတော့ သူတို့ကို လာဘ်ငွေပေးရတာက သပ်သပ်၊ ဘဏ်မှာအခွန်ငွေ သွင်းရတာက သပ်သပ်သွင်းရတာဟု လှိုင်သာယာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းသို့ စားသောက်ဆိုင်များထံမှ ရရှိသည့်လာဘ်ငွေများကို စစ်ကောင်စီလက်အောက်ရှိ မြို့နယ်အခွန် ဦးစီးဌာနမှ အရာရှိများက ၉၀ ရာခိုင်နှုန်းရယူကြပြီး အောက်ခြေဝန်ထမ်းများက ၁၀ ရာခိုင်နှုန်း ခွဲယူကြကြောင်း စုံစမ်းသိရှိရသည်။
စားသောက်ဆိုင်တွေဆီက လာဘ်ငွေရလာရင် ဥပမာ ၅ သိန်းရရင် လူကြီးတွေက ၄ သိန်းနဲ့ ၅ သောင်းယူတယ်၊ ရုံးအဖွဲ့က ၅ သောင်း ယူတယ်။ တချို့နေရာတွေမှာက လူကြီးအတွက် ဘယ်လောက်၊ ရုံးအဖွဲ့အတွက် ဘယ်လောက်ဆိုပြီးတော့ကို စတောင်းကတည်းက ခွဲတမ်းအတိအကျနဲ့တောင်းတာတွေလည်း ရှိတယ်ဟု လှိုင်သာယာမြို့နယ်မှ အမည်မဖော်လိုသူ စားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။
စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသည့် အခွန်ဌာနမှ Non-CDM ဝန်ထမ်းများက ၎င်းတို့အနေဖြင့် စစ်ကောင်စီလက်အောင်တွင် လူမိုက်လုပ်၍ တာဝန်ထမ်းနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်ခဲ့ပြီး နောက်အစိုးရတက်လျှင် ၎င်းတို့မှာ ရာထူးကပြုတ်မည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ရာထူးတာဝန်ရှိတုန်း ငွေရှာရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု စားသောက်ဆိုင်ပိုင်ရှင်များက ပြောဆိုသည်။
အခွန်ဌာနကလူတွေက ဘာပြောလဲဆိုတော့ ကျုပ်တို့က စစ်ကောင်စီလက်အောက်မှာ အမိုက်ခံပြီး အလုပ်လုပ်နေတာ။ နောက်အစိုးရတက်လာရင် ကျုပ်တိုံကပြုတ်မှာ။ အဲတော့ ရာထူးတာဝန်ရှိတုန်း ကျုပ်တို့က ဝင်ငွေရှာရမှာပဲဆိုပြီးတော့ ပေါ်တင်ကို ပြောတောင်းနေတာဟု လှည်းကူးမြို့နယ်မှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ဓာတ်ပုံ-ယခင်ပုံဟောင်းဖြစ်သည်။
#အခွန်ဌာန #စားသောက်ဆိုင် #လာဘ်ငွေတောင်း #AyeyarwaddyTimes