ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကိုဗစ်အတည်ပြုလူနာသစ် ၁ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ကည ၈ နာရီမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မြောင်းမြမြို့မှာ ကိုဗစ်လူနာသစ် ၁ ဦးတွေ့ရှိတယ်ဆိုတာက လွဲပြီး လူနာသစ်တွေ့ရှိသူဟာ အမျိုးသားလား အမျိုးသမီးလား ဒေသခံလား တခြားနိုင်ငံကပြန်လာသူလားဆိုတာကိုတော့ အတည်ကျ ထုတ်ပြန် ထားတာမျိုး မရှိပါဘူး။

“ ဒီမှာက တွေ့နေတာပါပဲ ခုနောက်ပိုင်း သေတာနည်းလာလို့ လူတွေက စိတ်မဝင်စားကြတော့တာ မကြောက်ကြတော့တာ နေအိမ်တွေမှာပဲ ကုနေရတာ”လို့ ဒေသခံပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နောက်ပိုင်းဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးဟာ လူသေဆုံးမှုနည်းပြီး အပြင်းအထန်မခံစားရတာကြောင့် ကိုဗစ်ဖြစ်ပွားသူအများစုဟာ နေအိမ်မှာပဲ ရာသီတုတ်ကွေးရောဂါဖြစ်သလို ကုသနေတာဖြစ်ပြီး နောက်ဆုံး မခံနိုင်တော့မှ ဆေးရုံသွားကြတာများတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးလည်း ရောဂါကူးစက်နိုင်ခြေရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ အသွား အလာဂရုစိုက်ပြီး လူစုလူဝေးနဲ့ပြုလုပ်တဲ့ ပွဲတွေနား သွားလာတာလျော့ဖို့အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဆရာဝန်တွေက တိုက်တွန်းပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းမှာတော့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်အပါဝင် သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့တွေက လစဉ် လူစုလူဝေးနဲ့ ပွဲတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မြောင်းမြ #ကိုဗစ် #အတည်ပြုလူနာ
#Ayeyarwaddy_Times