ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနက ဝန်ထမ်းတွေက ဒေသခံပြည်သူတွေကို မီတာမဆောင်ရင် တရားစွဲမယ်လို့ ဆိုကာလိုက်လံခြိမ်းခြောက်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်က စတင်ကာ မြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေကို အုပ်ချုပ်အဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး မီတာမဆောင်ရင် တရားစွဲမယ်ဆိုကာ လိုက်လံခြိမ်းခြောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီလမှာလိုက်ကြေညာနေတာ မီတာမဆောင်ရင် အပြီးဆောင်ထားဖို့ ဒီလကုန်မှ မဆောင်ရင် တရားဥပဒေအရ တရားစွဲမှာဖြစ်တယ် ဆိုပြီး လိုက်အော်နေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြို့ပေါ်မှာနေထိုင်သူအများစုကတော့ မီတာဆောင်ထားပြီး လူမနေတော့တဲ့ နေအိမ်တွေနဲ့ ငွေမတက်နိုင် လို့ အိမ်ငှားအဖြစ်နေထိုင်သူတွေရဲ့ နေအိမ်တွေသာ မီတာမဆောင်တာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာန စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေရဲ့ ဖိအားပေးမှုအရ ခုလိုမျိုး ပြည်သူတွေကို ခြိမ်းခြောက်ကာ မီတာခလိုက်ကောက်ခံနေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။