ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၂၂ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာနေ ဒေသခံပြည်သူအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဘက်တွင် အကြောင်းမဲ့ဖမ်းဆီးသွားခြင်းမှာ စစ်ကောင်စီတပ်ဘက်က သတင်းအမှားဖြန့်ပြီး အကွက်ဆင်ကာ ရည်ရွက်ချက်ရှိရှိဖမ်းဆီးမှုဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးသည် ဒီဇင်ဘာလ ၁၄ ရက်နေ့က လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်များက မတူပီမြို့အနီးတစ်ဝိုက်တွင် အပူတပြင်းလိုက်ရှာကာ ၃ ဦးပြန်လည်ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီတပ်တွင်းမှ သတင်းပြန်လည်ဖြန့်ဝေလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်များနှင့် ဆက်နွယ်ပက်သက်နေသည်ဟူသော ပုံစံမျိုးဖြင့် အသွင်ယူကာ မတူပီမြို့၊ ဖနိုင်ကျေးရွာနေဒေသခံပြည်သူ ၂ ဦးက စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ထံမှ သိရသည်။

“လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ၃ ဦးပြန်အဖမ်းခံရတယ်လို့ တပ်တွင်းကနေ သတင်းပြန်ထွက်လာတယ်။ မတူပီမြို့၊ အနီးတစ်ဝိုက်မှာပဲ CDF-Matupi ရဲဘော်တွေ ရှိနေပြီဆိုတော့ ပြန်လည်ဖမ်းဆီးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဝါဒဖြန့်တယ်လို့ပဲ မြင်တယ်။ ဒေသခံပြည်သူတွေကို ဖမ်းဆီးချင်လို့ တမြင်တကာ အကွင်ဆင်တယ်လို့ပဲ သုံးသပ်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးမှုနှင့် ပတ်သက်၍ CDF-Matupiက တစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးလို CDF-Matupiထံ ရောက်ရှိလာခြင်းမရှိကြောင်းရဲဘော်တစ်ချို့က အတည်ပြုပြောကြားသည်။

“လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းရရချင်း ကျွန်တော်တို့က ကြိုဆိုလက်ခံဖို့အတွက် ရောက်ရှိလာနိုင်မယ့် လမ်းကြောင်းတိုင်းမှာ အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေပြီ။ အခုချိန်ထိ ဘယ်စစ်ကောင်စီတပ်ဖွဲ့ဝင်မှ ကျွန်တော်တို့ထံ ရောက်မလာသေးဘူး”ဟု CDF – Matupi ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာတွင် ဗိုလ်မှူးသန်းနိုင်ဝင်းကိုဇူလိုင်လ ၁၆ ရက်နေ့တွင် CDF-Matupiက ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းဗိုလ်မှူးအသတ်ခံရမှုနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု စွပ်စွဲကာ ဖနိုင်ကျေးရွာနေ ဒေသခံမျိုးသားတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

#မတူပီ #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး #သတင်းဖြန့်
#Ayeyarwaddy_Times