ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံဝန်ထမ်းတွေက ကျေးရွာတွေကို လိုက်လံပြီး အစည်းအဝေးခေါ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလာရင် လက်မခံ ဖို့အတွက် လိုက်လံဟောပြောနေတယ်လို့ သိရပါတယ်။

ကြိမ်ပင်ဆည်ကျေးရွာကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရဲ၊ ထွေအုပ်၊ လဝကနဲ့ ရွေးကောက်ပွဲကော်မရှင်ကသူတွေလာပြီး ဟောပြောပွဲပြုလုပ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လုပ်နေတာပဲ ဟိုရွာအစည်းဝေးလုပ်လိုက် ဒီရွာလုပ်လိုက်ပဲ ပြောတာတော့ ရွေးကောက်ပွဲ မဲထည့်ဖို့နဲ့ PDF တွေလာရင် သတင်းပို့ဖို့ လက်မခံဖို့ အဓိကပြောတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံဝန်ထမ်းတွေက ကျေးရွာတွေမှာ အစည်းဝေးပြုလုပ်တဲ့အခါ တစ်အိမ်တစ်ယောက်မဖြစ်မနေ အစည်းဝေးတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်ခေါ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ကျေးရွာမှာနေထိုင်တဲ့ ပြည်သူတွေကို လိုက်လံဟောပြောတဲ့အခါ NLD ပါတီမကောင်းကြောင်းနဲ့ PDF တွေကို လက်မခံဖို့ အဓိကထားဟောပြောလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။