ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် အာဏာ သိမ်း စစ်ကောင်စီကပြုလုပ်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ စိန်ရတုပွဲ အခမ်းအနားအတွက်တီးခတ်ရန်အတွက် စစ်ကောင်စီက ဘင်ခရာစစ်တီးဝိုင်းတွင် စစ်တပ်မိသားစုဝင် အထက်တန်းကျောင်းသားများကို စစ်ဝတ်စုံများထုတ်ပေးပြီး စခန်းသွင်းလေ့ကျင့်ပေး နေကြောင်း သတင်းရရှိသည်။

လာမည့်ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျင်းပမည့် လွတ် လပ်ရေးနေ့ စိန်ရတုပွဲတွင် စစ်တီးဝိုင်း၌ တီးခတ်ရန်အတွက် ဒီဇင်ဘာလအတွင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စစ်တပ်မိသားစုဝင် ၈ တန်း၊ ၉ တန်းနှင့် ၁၀ တန်းကျောင်းသားများကို ခေါ်ယူကာ စစ်တပ်က ကျောင်းမတက်ခိုင်းဘဲ စခန်းသွင်းလေ့ကျင့်ပေးနေခြင်း ဖြစ်သည်။

“စိန်ရတုပွဲကျင်းပဖို့မှာ စစ်တီးဝိုင်းအတွက် လူမရှိဘူး။ နယ်တွေကလည်း ဘင်ခရာစစ်တီးဝိုင်းအတွက် လွှတ်ပေးဖို့ လူမရှိဘူး။ အဲတော့ စစ်တပ်မိသားစုဝင်တွေထဲက ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းကျောင်းသားတွေကို ခေါ်တယ်။ ပြီးတော့ ဘင်ခရာ စစ်ဝတ်စုံတွေ ထုတ်ပေးတယ်။ ကျောင်းလည်းမတက်နဲ့ဆိုပြီး စစ်တပ်က စခန်းသွင်းလေ့ကျင့်ပေးနေတယ်။ အင်အားက စစ်တီးဝိုင်း Squad ၃ ခုစာလောက် ရာနဲ့ချီတယ်လို့သိရတယ်။ အိမ်ကိုတောင် ပြန်မလွှတ်ဘူး။ အဲ့ကလေးတွေအကုန်လုံး လွတ်လပ်ရေးနေ့ပြီးမှ အိမ်ပြန်လွှတ်မယ်ပြောတယ် ”ဟု စစ်ရုံး တည်ရှိသည့် ဇေယျာသီရိမြို့နယ်အတွင်း စစ်ကောင်စီတပ်မိသားစုများနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က စစ်တပ်မိသားစုဝင် ကျောင်းသားများကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက စတင်၍ ပျဥ်းမနား၊ရွာတော်ရှိအမှတ် ၃ စစ်ကြောရေးနှင့်တည်း ခိုရေးစခန်း (စတခ ၃) တွင် စုစည်း၍ စစ်တီးဝိုင်းတပ်တွင်ပါဝင်တီးခတ်နိုင်ရန် စခန်းသွင်းလေ့ကျင့်စေခိုင်းနေပြီး အိမ်ပြန်ခွင့်မပေးဘဲ မိဘများမှာ တပတ် ၁ ခါ ကလေးများကို သွားရောက်တွေ့ဆုံနေရကြောင်း သိရသည်။

“အပြင်က ကလေးတွေကိုခေါ်ရင် သတင်းတွေပွမှာစိုးလို့ စစ်တပ်မိသားစုဝင်ဖြစ်တဲ့ ကလေးတွေကိုပဲ ခေါ်တာ။ အထူးသဖြင့်တော့ အရပ်နည်းနည်းရှည်တဲ့ကလေးတွေကို အိမ်ပြန်ခွင့်မပေးဘဲ စခန်းသွင်းလေ့ကျင့်ပေးနေတာ။ လွပ်လပ်ရေးနေ့တီးမယ့် စစ်တီးဝိုင်းတွေထဲမှာ အဲ့ဒီကလေးတွေပါရောပြီးတီးရမှာ ”ဟု တပ်ကုန်းမြို့ရှိ စစ်ကောင်စီတပ်မိသားစုများနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ကျောင်းသားအရွယ်ကလေးများကို ခေါ်ယူ၍ စစ်ကောင်စီတပ်စစ်တီးဝိုင်းဝတ်စုံများဝတ်ဆင် ကာ အယောင်ဆောင်တီးခတ်ခိုင်းခြင်းသည် လက်ရှိ စစ်ကောင်စီတပ်အင်အားဖြင့်သက်ဆိုင်ကြောင်း တပ်မတော်သားဟောင်းတစ်ဦးမှသုံးသပ်ပြောဆိုသည်။

” မင်းအောင်လှိုင်က ၇၅ နှစ်မြောက်စိန်ရတုကို ခြိမ့်ခြိမ့်သဲသဲလုပ်မယ်လို့ပြောတော့ လူအင်အားလည်းအရင် ပြည်ထောင်စုနေ့ပွဲတွေထက်များမယ်လို့ထင်ပါတယ်။ လူအရမ်းများရင် စစ်တီးဝိုင်းကလည်းပိုထည့်ရမှာ၊ နေပြည်တော်ထဲက စစ်တီးဝိုင်းတွေနဲ့မလောက်တော့ တခြားကခေါ်ဖို့လည်းအင်အားမရှိတော့၊ သူ့တပည့်တွေက ဒီအရပ်အမောင်းကောင်းတဲ့ စစ်သား သား၊သမီး ကျောင်းသားခလေးတွေနဲ့အစားထိုးပြီး လုပ်ဖို့စီစဥ်တာပေါ့။ စစ်တီးဝိုင်းတွေက စစ်တိုင်းဖွစြည်းပုံမှာဘဲရှိတာ လက်ရှိက စစ်တိုင်းတွေမှာတောင် နောက်ချန်အနေနဲ့ စစ်တီးဝိုင်းတပ်လည်းလုံခြုံရေးအနေနဲ့ ဝင်နေရတာ ။ ဒီအတွက်ကုစားဖို့လုပ်ဆောင်တာလို့မြင်ပါတယ်” လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားဟောင်းတစ်ဦးကသုံးသပ်ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်မှာ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ (ကယား)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တိုက်ပွဲများဆင်နွှဲနေပြီး ထိုးစစ်ဆင်မှုများပြုလုပ်နေသည့် အတွက် စစ်အင်အားလိုအပ်ချက်များ တဖြည်းဖြည်း ပိုမိုများပြားလာနေပြီး လက်ရုံးတပ်များဖြစ်သည့် ကပစ၊ နယ်လှည့်ဆက်ဆံရေး၊ အားကစား၊ ထောက်ပို့၊ ဘင်ခရာစစ်တီးဝိုင်းစသည့် တိုက်ခိုက်ရေးတပ်မဟုတ်သော စစ်သားများကို ရှေ့တန်းသို့ ပို့လွှတ်နေရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#Ayeyarwaddy_Times