ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆိုင်ကယ်လမ်းကြုံတင်စီးရင်း ဆိုင်ကယ် လုယက်ခံရမှုဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က တရားခံကို ၅ ရက်ကြာတဲ့အထိ ဖမ်းမမိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြင့်မြတ်ဆေးရုံမှာ ဆေးဝါးကျွမ်းကျင်တက်ဖို့လာတဲ့ အမျိုးသမီးရဲ့ မြဝတီရပ်ကွက်ကနေ ဆိုင်ကယ်ကို လမ်းကြုံလိုက်စီးလာတဲ့ အမျိုးသားက ဆေးရုံအရောက်မှာ လုယူမောင်းပြေးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လုသွားတဲ့သူက လူငယ်ပိုင်းထဲကပဲ အသက် ၂၀ ကျော်လောက်ပဲရှိအုံးမှာ ရဲတိုင်ထားပေမယ့် သိတဲ့ အတိုင်းပဲ ကိုရွှေရဲတို့က ပိုက်ဆံရမှာ အလုပ်လုပ်တာဆိုတော့ တရားခံကို ခုထိ ဖမ်းမမိသေးဘူးလို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆိုင်ကယ်လုယက်ခံရသူအမျိုးသမီးက ဆိုင်ကယ်လုယူချိန်မှာ အသက်အန္တရာယ်ပေးမှာဆိုလို့ ကြည့်နေပြီး မောင်းထွက်သွားချိန်မှာ ပတ်ဝန်းကျင်ကို အကူညီတောင်းခံခဲ့သလို ရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့မှာ ဒီဇင်ဘာလ အတွင်း ဆိုင်ကယ် လုယက်ခံရမှု ၃ ကြိမ်ထိရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ခုချိန်ထိ တရားခံဖမ်းမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times