ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ လမ်းမတစ်ခုပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က လမ်းဘေး၌ စွန့်ပစ်ထားခဲ့သည့် ရိုဟင်ဂျာ ၁၃ ဦး၏ ရုပ်အလောင်းများမှာ ဆီဘောက်ဆာအတွင်းထည့်၍ သယ်ဆောင် လာစဉ် သေဆုံးခဲ့သူများဖြစ်ပြီး ၎င်းတို့အား စွန့်ပစ်ခဲ့သည့် လူမှောင်ခိုပြုလုပ်သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပိုင်မီဒီယာများတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ဘားလားကျေးရွာနှင့် မင်္ဂလာဒုံမြို့နယ်၊ငွေနံ့သာကျေးရွာအကြား တပင်ရွှေထီး လမ်းမပေါ်တွင် စွန့်ပစ်ခဲ့သည့် ရုပ်အလောင်းများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများဖြစ်ပြီး ၎င်းတို့အား လူမှောင်ခိုဂိုဏ်းတစ်ခုက အခကြေးငွေယူ၍ရခိုင်ပြည်နယ်မှ တဆင့် ရန်ကုန်မြို့သို့ ဆီဘောက်ဆာအတွင်းထည့်ကာ လူမှောင်ခိုသယ်ဆောင်လာစဉ် သေဆုံးခဲ့သူများဖြစ်ကြောင်း သိရသည်။
လူမှောင်ခိုဂိုဏ်းအဖွဲ့မှာ ရိုဟင်ဂျာများကို ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ပို့ဆောင်နေသူများဖြစ်ပြီး ပို့ဆောင်ပေးနေသည်မှာ ၅ ကြိမ်မြောက်ရှိပြီဖြစ်ကာ ရိုဟင်ဂျာဦးရေ ၂၅၅ ဦးအထိပို့ဆောင်ပေးပြီးဖြစ် သည်ဟု စစ်ကောင်စီက ဆိုသည်။
ထိုသို့ပို့ဆောင်ရာတွင် နောက်ဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၃၃ ဦးကို ဒီဇင်ဘာလ ၄ ရက်နေ့က ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ဆီဘောက်ဆာ ကားအတွင်း သယ်ဆောင်ကာမောင်းနှင် လာကြောင်း၊ မောင်းနှင်လာသည့် လမ်းကြောင်းတလျှောက်တွင် ဆီ ဘောက်ဆာကန်ရှိ လေဝင်ပေါက်များကို ၂ ကြိမ် အဖွင့်အပိတ်လုပ်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်း ရန်ကုန်သို့ အရောက်တွင် ဆီဘောက်ဆာ နောက်ဆုံးအကန့်အတွင်း လိုက်ပါလာသည့် ရိုဟင်ဂျာ ၁၃ ဦးမှာ ပါးစပ်မှ အမြုပ်များထွက်၍ သေဆုံးနေသည်ကိုတွေ့ရကြောင်း ဖမ်းဆီးခံရသူများကထွက်ဆိုသည်ဟုဆိုသည်။
အဆိုပါ သေဆုံးခဲ့သည့် ရိုဟင်ဂျာ ၁၃ ဦး၏အလောင်းများကို ဒီဇင်ဘာလ ၄ ရက်ညပိုင်းမှာပင် မြေသယ်ကားဖြင့်သယ်ဆောင်ကာ လှည်းကူးမြို့နယ် ဘားလားကျေးရွာအနီး တပင်ရွှေထီးလမ်းမပေါ်တွင် သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သတ်၍ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရိုဟင်ဂျာအရေးလှုပ်ရှားသည့် အဖွဲ့အစည်းအချို့မှ သေဆုံးခဲ့သည့် ရိုဟင်ဂျာများ အား စစ်ကောင်စီတပ်မှ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်သည်ဟု စွပ်စွဲပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။
#လှည်းကူး #စစ်ကောင်စီ #ရိုဟင်ဂျာ #အလောင်း
#Ayeyarwaddy_Times