ဧရာဝတီတိုင်းမ်
(ကံမ္မ) ၊ ဒီဇင်ဘာလ ၂၁ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ်အတွင်းက ကမ္မမြို့ရဲစခန်းရှေ့က လုံခြုံရေးရဲကင်းကို
ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၈နာရီ ၄၅မိနစ်မှာ Pakokku PDFက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
“ကမ္မမြို့ရဲစခန်းရှေ့က စခန်းလုံခြုံရေးကင်းကို ပစ်ခတ်တိုက်ခိုက်တာပါ။လုံခြုံရေးကင်းနားရောက်ကတည်းက ပြောက်ကျားစနစ်နဲ့ အရင်လက်ဦးမှုရယူပြီး ပစ်ခတ်ခဲ့တာကြောင့် သူတို့ဘက်က ချက်ခြင်းပြန်လည်ပစ်ခတ်နိုင်စွမ်းမရှိခဲ့ပါဘူး။ကျွန်တော်တို့ ပြန်ထွက်တဲ့အချိန်မှာမှ ရမ်းသန်းပြီးပြန်ပစ်တာပါ။သူတို့ဘက်က ၂ ဦးက ပွဲချင်းပြီးသေတယ်။ဒဏ်ရာရ ၃၊ ၄ဦးကိုတော့ ဆေးရုံကိုတင်သွားတယ်။အဲ့ဒီထဲက ၂ ဦးထပ်သေတယ်လို့ ကြားတယ်။သတင်းကတော့ သေချာအတည်မပြုနိုင်သေးဘူး”လို့ Pakokku PDF ရဲ့ စစ်ရေးတာဝန်ခံ ကိုသိင်္ခက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းရှေ့မှာ လုံခြုံရေးကင်းတဲဖွင့်ပြီး ဖြတ်သန်းသွားလာနေကြတဲ့ ဒေသခံပြည်သူများကို
တားဆီးစစ်ဆေးခြင်းနဲ့ ငွေကြေးတောင်းခံမှုတွေလုပ်ဆောင်နေတာကြောင့် ယခုလို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တာလို့ Pakokku PDFက ဆိုပါတယ်။
ယခုစစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် Pakokku PDFက ရဲဘော်တစ်ဦး ဦးခေါင်းရှပ်ထိဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရပဲ ကျန်ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ Pakokku PDF ဆီက သိရပါတယ်။
#ကမ္မ #ရဲစခန်း #PDF #ပစ်ခတ်တိုက်ခိုက် #သေဆုံး
#Ayeyarwaddy_Times