ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာလ ၂၀ ရက်‌နေ့ မနက်အစောပိုင်းက ရိုဟင်ဂျာလူမျိုး ၁၁၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရင်ခွင်ပိုက်ကလေးအရွယ်တွေအပါဝင် ရခိုင်ပြည်နယ်ကနေ မလေးရှားသွားရမယ်ဆိုလို့ လိုက်ပါလာတဲ့ ရိုဟင်ဂျာလူမျိုး ၁၁၂ ဦးဟာ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်းနားအရောက် စက်လှေနစ်မြုပ်ပြီး သောင်ပေါ်ကိုရောက်ရှိချိန်မှာ ဒေသခံတွေက သတင်းပေးလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ သူတို့စက်လှေက ဝမ်းဗိုက်ပေါက်ပြီး နစ်တာ အားလုံးလွတ်တာကံကောင်းတယ်ပြောရမယ် သောင်ပြင်နားရောက်မှ မြုပ်သွားတဲ့ပုံစံမျိုး ခုတော့ သူတို့ကို ဘိုကလေးစခန်းမှာထားတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စက်လှေဝမ်းဗိုက်ပေါ်ပြီးနစ်မြုပ်လို့ ဖမ်းဆီးခံရတဲ့ အထဲမှာ ကလေး ၁၂ ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၃ ဦး စုစုပေါင်း ရိုဟင်ဂျာလူမျိုး ၁၁၂ ဦးဖမ်းဆီးခံခဲ့ရပြီး စက်လှေမောင်းသူကိုတော့ ဖမ်းမမိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာလူမျိုး ၁၁၂ ဦးကို ဘိုကလေးမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးထားပြီး လဝက ဥပဒေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

#ဘိုကလေး #ရိုဟင်ဂျာ #ဖမ်းဆီးခံရ
#Ayeyarwaddy_Times