ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပက်ထရီးယော့ဒုံးကျည်တွေ၊ ဂျက်တိုက်လေယာဉ်တွေအတွက် ဗုံးတွေ အပါအဝင် ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရက ယူကရိန်းသမ္မတ ဇီလန်စကီးကို ဝါရှင်တန်မြို့တော်မှာ ကြိုဆိုဖို့ ပြင်ဆင်နေချိန်မှာ အခုလို စစ်ရေးအကူအညီ ပေးအပ်မယ့်အစီအစဉ်ကို ကြေညာလိုက်တာဖြစ်ပါတယ်။

ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာတာကြောင့် ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာ ကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ အခုလို ခေတ်မီ အဆင့်မြင့်စစ်လက်နက်တွေ ထောက်ပံမှာဖြစ်တယ်လို့ အမည် မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံက ဒေါ်လာတစ်ဘီလီယံတန်ကြေးရှိ စစ်လက်နက်အကူအညီနဲ့ ဒေါ်လာ သန်း ၈၀၀ ကို ယူကရိန်းလုံခြုံရေးအကူအညီမှတစ်ဆင့် စစ်လက်နက်၊ ခဲယမ်းမီးကျောက်၊ လေ့ကျင့်ရေးနဲ့ အခြားအကူအညီတွေ ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားနဲ့ စစ်ပွဲဆင်နွှဲနေချိန်မှာ ပက်ထရီးယော့ဒုံးခွင်းစနစ် အပါအဝင် ခေတ်မီ စစ်လက်နက်တွေ ပိုမို ထောက်ပံ့ပေးဖို့ ဇီလန်စကီးနဲ့ ယူကရိန်း တာဝန်ရှိသူတွေက အနောက်နိုင်ငံခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါ တယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အနောက်နိုင်ငံတွေက ယူကရိန်းသို့ ထောက်ပံ့ခဲ့တဲ့ စစ်လက်နက်တွေထဲမှာ ပက်ထရီးယော့က ခေတ်အမီဆုံး မြေပြင်-ဝေဟင်ဒုံးကျည်စနစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ပမာဏများပြားသော ကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းသို့ ဒေါ်လာ ၄၅ ဘီလီယံခန့်တန်ကြေးရှိ စစ်ရေးအကူအညီပေးအပ်ဖို့ ကွန်ဂရက်က အတည်ပြုတော့မယ့်အချိန်မှာ အမေရိကန် အစိုးရက အခုလို ခေတ်မီဒုံးခွင်းစနစ် ပေးအပ်တာဖြစ်ပါတယ်။

ကိုးကား – Navy Times
Ref; US to send $1.8 billion in aid, including Patriot battery, to Ukraine