နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ ဒီဇင်ဘာလ ၂၁ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ တံတား ၁ စင်းဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတံတားဟာ မနက် ၅ နာရီဝန်းကျင်မှာ မိုင်းပေါက်ကွဲကျိုးကျပျက်စီးခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ ခုထိမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ တံတားကတော့ ခုကားရော ဆိုင်ကယ်ရော လူပါ ဖြတ်သန်းသွားလာလို့ မရတော့ဘူး မနက် ၅ နာရီ လောက်ကဖြစ်သွားတာ လူတွေထိတာမျိုးတော့မရှိဘူး ဒါပေမယ့် တံတားက လုံးဝသုံးမရတော့ဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒီရက်ထဲမှာ ကော့ကရိတ်မြို့တဝိုက်မှာဘည်း KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဆက်တိုက် ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ တွေကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်သုံး ဗုံးကျဲတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ကော့ကရိတ်မြို့ #တံတား #မိုင်းပေါက်ကွဲပြီး #ပျက်စီး
#Ayeyarwaddy_Times