ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ဘေးရှောင်ကလေးငယ်တွေကို ကူညီပေးဖို့အတွက် ရတနာပုံ ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်နေတာ ကမ်ပိန်းပြီးဆုံးဖို့ ၃ ရက်အလိုမှာ မျှော်မှန်းထားတဲ့ အလှူငွေရဲ့ ၅၀ ရာခိုင်းနှုန်းလောက် လိုအပ်နေသေးတယ်လို့ သိရပါတယ်။

“ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” ခေါင်းစဉ်နဲ့ စစ်ဘေးရှောင်ကလေးငယ် ၁၂၀၀၀ ကျော်ရဲ့ ပညာသင်ကြားရေးအတွက် ကမ်ပိန်းပြုလုပ်ခဲ့တာ အလှူငွေ သိန်း ၁၀၀ ကျော်ရရှိထားပြီး အဲ့ဒီပမာဏာဟာ ကလေးငယ် ၆၀၀၀ အတွက်သာရှိသာတာကြောင့် လိုအပ်နေတဲ့ ပမာဏပြည့်ဖို့အတွက် ပြည်သူတွေကို အကူညီတောင်းခံချင်တယ်လို့ ရတနာပုံကျောင်းသားများသမဂ္ဂအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂အုပ်၊ ဘောပင် ၂ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ကျပ်” သာ ကျသင့်မှာဖြစ်ပါတယ်။ ကျနော်တို့မှာ ကျနော်တို့ပဲရှိလို့ တက်နိုင်သလောက် ပါဝင် ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ရတနာပုံကျောင်းသားများသမဂ္ဂအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုမင်းခန့်ကျော်လင်းက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲမဖြစ်တဲ့ ဒေသအသီးသီးမှာရှိတဲ့ မြို့ပေါ်ကကလေးငယ်တွေလိုပဲ စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေအနေနဲ့လည်း လုံလောက်တဲ့ ပညာသင်ကြားခွင့်ရရှိဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ Page Messenger သို့ ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် PayPal, Bangkok Bank တို့နဲ့ ချိတ်ဆက် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ပွဲတွေကြားက ကလေးတွေအတွက် Christmas လက်ဆောင်အနေနဲ့ စာရေးကိရိယာတွေ လက်ဆောင်ပေးရင် ကလေးတွေရဲ့ ပညာရေးကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်လို့ ရတနာပုံကျောင်းသားများသမဂ္ဂတာဝန်ရှိသူက ပြောဆိုပါတယ်။