ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၂၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာနေ ဒေသခံပြည်သူအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ညဘက်တွင် အကြောင်းမဲ့လာရောက်ဖမ်းဆီးသွားကြောင်းဒေသခံများထံမှ သိရသည်။
မတူပီမြို့၊ အခြေစိုက် ခမရ(၁၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဘက်တွင် ဖနိုင်ကျေးရွာသို့ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာကာ ဖနိုင်ကျေးရွာနေ ဒေသခံအမျိုးသား ၂ ဦးကို ၎င်းတို့ နေအိမ်တွင် အကြောင်းမဲ့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့်အဆက်သွယ် မရသေးကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ခမရ ၁၄၀ တပ်ရင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ညက ဝင်ရောက်လာပြီးတော့ ဦးပီနာလ်ကို လာရောက်ဖမ်းဆီးတာပါ။ ဦးပီနာလ်က နေအိမ်မှာမရှိတော့ သူ့သားအောစ္စဘွန်းကို ဝင်ရောက်ဖမ်းဆီးသွားတာ။ ပြီးတော့ ဖနိုင်ရွာမှာနေတဲ့ မောင်မော့က်ကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားပြီး ၁၄၀ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်တွင် CDF-Matupiနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများပြားခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးခြင်းနှင့် စစ်ကောင်စီကို ထောက်ခံအားပေးသူများရှင်းလင်းခံရပါက အပြစ်မဲ့ပြည်သူလူထုများကို အငြိုးထားပြီး ဖမ်းဆီးမှုများပြုလုပ်ကာ နှိပ်စက်သတ်ဖြတ်မှုများကို စစ်ကောင်စီတပ်က မကြာခဏကျူးလွန်နေသည်ဟု ဒေသခံပြည်သူများက ဆိုသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “မတူပီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ အထိနာတာ။ တပ်ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ထွက်ပြေးလွတ်မြောက်တာ။ စစ်ကောင်စီကို အားပေးအားမြောက်ပြုလုပ်နေတဲ့သူတွေ ရှင်းလင်းခံနေရပြီဆိုရင် စစ်ကောင်စီဘက်က အပြစ်မဲ့ပြည်သူလူထုတွေကို အကြောင်းမဲ့ဖမ်းဆီးပြီးတော့ နှိပ်စက်သတ်ဖြတ်တာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အစဉ်ပြုလုပ်လာပါတယ်။ အခုဖနိုင်ရွာဒေသခံတွေကို ဖမ်းဆီးခံထားရတာဟာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတဲ့ ကိစ္စတွေနဲ့ စွတ်စွဲပြီး ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ၊ ဒေသခံပြည်သူအများစုသည် နယ်မြေမငြိမ်သက်မှုကြောင့် စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ရန်အဆင်မပြေသည့် ပြည်သူတစ်ချို့နှင့် သက်ကြီးရွယ်အိုတစ်ချို့သာ စစ်ဘေးမရှောင်ဘဲ ကျေးရွာတွင် ကျန်ရစ်နေခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
မတူပီမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးသည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်က မတူပီမြို့အနီးတစ်ဝိုက်တွင် အပူတပြင်းလိုက်ရှာခဲ့ရာ ၃ ဦးပြန်လည်ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီတပ်တွင်းမှ သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။