ဧရာဝတီတိုင်းမ်
(မတ္တရာ) ၊ ဒီဇင်ဘာလ ၂၁ ရက်
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ မြွေတလိုင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဆိုသူကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မနေ့က မနက် ၇ နာရီ ၄၅ မိနစ်မှာ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့ဆီမှ သိရပါတယ်။
၎င်းအုပ်ချုပ်ရေးမှူးရုပ်အလောင်းကို မတ္တရာမြို့ကနေ ကားနဲ့ လာသယ်တဲ့အချိန် အလောင်းလာသယ်တဲ့ကားကို တောကြီးမြွေပွေးတပ်ဖွဲ့က မိုင်းဆွဲခဲ့လို့ နောက်ထပ် ဖောကားနှစ်စီးနဲ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်တွေ တပ်ကူရောက်ရှိလာခဲ့ရာ စစ်ကောင်စီတပ်တွေက ခြေလျင်စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ တောကြီး မြွေပွေးတပ်ဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မနက်ပိုင်းမှာ မြွေတလိုင်းက အုပ်ကြီးကို ရှင်းတယ်။ နေ့လည်ပိုင်းကျတော့ ဒီကောင်တွေ အုပ်ကြီးအလောင်းကို လာသယ်တယ်။ လာသယ်တဲ့ကားကို မိုင်းဆွဲတယ်။ ကားကရှေ့ဆက်မသွားရဲလို့ မတ္တရာက တပ်ကူတောင်းတယ်။ ဖောကားနှစ်စီးနဲ့ တပ်ကူတွေရောက်လာပြီး ခြေလျင်စစ်ကြောင်းထိုးနေတုန်း မိုင်းထပ်ဆွဲခဲ့တာပါ”လို့ တောကြီးမြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
နယ်မြေရှင်းလင်းရေးအတွက် ခြေလျင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် မိုင်းထပ်ဆွဲခံရတာကြောင့်
စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရှိသေးဘူးလို့ သူက ဆိုပါတယ်။
တောကြီးမြွေပွေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလအတွင်းကလည်း မြွေတလိုင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#တောကြီးမြွေပွေး #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times