ဧရာဝတီတိုင်းမ်
(ပုသိမ်ကြီး) ၊ ဒီဇင်ဘာလ ၂၁ ရက်
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အတွင်းက ကျေးရွာ ၁၀ ရွာထက်မနည်း မီတာမဆောင်သည့် အကြောင်းပြချက်ဖြင့် လျှပ်စစ်မီး ဖြတ်တောက် ခံထားရသည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။
ရှင်တော်ကုန်းရွာ၊ လိမ်ပင်ရွာ၊ ရွေးစုရွာ၊ ကျောက်ချောရွာ၊ ဂွေ့ကြီးကုန်းရွာ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း နိုဝင်ဘာလ ဒုတိယ အပတ်ခန့်ကစပြီး ယခုအချိန်အထိ တစ်လနီးပါးကြာ လျှပ်စစ်မီး ဖြတ်တောက် ခံထားရသည်ဟု ဒေသခံများကလည်း ပြောသည်။
ပုသိမ်ကြီး ဒေသခံ တစ်ဦးက“အရင်အစိုးရ လက်ထက်က အခမဲ့သုံးခိုင်းတဲ့ လတွေပါ ထပ်ပေါင်းပြီး ပြန်ကောက်တာ။ အဲ့ဒါကို ဒဏ်ကြေး ထပ်ပေးရသေးတယ်။ တစ်ဦးကို တစ်သိန်းနီးပါး ကျတာ ထားပါတော့။ တစ်ရွာလုံးဆို သိန်း ၈၀၀ – ၉၀၀ အထိ ဖြစ်ကုန်တာ။ သူတို့ ဘတ်ဂျတ်လိုရင် အဲဒီလိုလုပ်တာပဲ။ ဂွေ့ကြီးကုန်းရွာဆို အရင်က သိန်း ၈၀၀ ကုန်မယ် ဆိုလား ပြောတာ၊ အဲဒါ ပြည့်မှ မီးပေးမယ်ပေါ့။ ပထမတစ်ခါ ဖြတ်ပြီးပြီ။ ဒေသခံတွေက မီတာသွားဆောင်ကြပါတယ်။ အခုကတော့ အဲ့ဒီလိုလည်း မတောင်းဘဲ ဖြတ်နေတာပါ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ပုသိမ်ကြီးမြို့ပေါ်က အောင်မဂ်လာ (၁) ရပ်ကွက်မှာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့က မီတာမဆောင်သည့် အိမ်များကို မြို့နယ် လျှပ်စစ်ဝန်ထမ်းများနှင့် စစ်ကောင်စီ တပ်သား ၄ ဦးပါသောအဖွဲ့က မီတာများကို လိုက်ဖြတ်နေသည် ဟုလည်း ဆိုသည်။
လူမရှိသည့် အိမ်ဖြစ်လျှင် တိုင်ကမီးကြိုးကို ဖြတ်သွားပြီး မီတာဆောင်မှ မီးကြိုး ပြန်တပ်ပေးကြောင်းလည်း သိရသည်။
“အရင် အစိုးရတုန်းက မီတာ လာဖတ်ပြီး ဒီအိမ် ဒီလောက်ကျတယ်ပေါ့။ အခုဟာက မီတာ လာမဖတ်ဘဲ ရမ်းကောက်နေတာ။ အရင်အစိုးရ လက်ထက်က မီတာဖတ်ပြီး ကျသင့်ငွေ ကျပ် ၁၀၀၀၀ ကျရင် အခု EPC က မီတာ လာမဖတ်ဘဲ ကျသင့်ငွေ ၁၀၀၀၀ ကျပ် ပေးနေရတာ။ တစ်ချို့နေရာတွေဆို EPC က လူတွေ လာမကောက်ဘဲ ထွေ/အုပ် က လူတစ်ချို့နဲ့ အုပ်ကြီးတွေက မီတာကြေး ဆိုပြီး လာကောက်တာတွေ ရှိဖူးတယ်။ သူတို့ဆောင်ပေးမယ်ပေါ့။ တကယ်တန်း ဆောင်လား၊ မဆောင်လားတော့ မသိဘူး”ဟုလည်း အထက်ပါ ဒေသခံက ဆက်လက် ပြောဆိုသည်။
အလားတူ ပုသိမ်ကြီးမြို့နယ်က သစ်ချိူကုန်းရွာ၊ သစ်ချိုကုန်း ကွက်သစ်တွင် EPC မှ လိုင်းမင်းများနှင့် ရွာခံလူကြီးများ ပေါင်းပြီး မီတာ တစ်လုံးကို ကျပ် ၃ သိန်း ၅ သောင်းနှင့် ချပေးသည်ဟုလည်း ဆိုသည်။
အဆိုပါ မီတာများမှာ တရားမဝင်မီတာ ဖြစ်နေ၍ ဒီဇင်ဘာလ ၁၉ ရက်နေ့က မီတာ အလုံးပေါင်း ၄၀၀ ကျော်ကို ပြန်လည် ဖြုတ်သိမ်းနေပြီး EPC က လိုင်းမင်းကိုလည်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးက ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။
#ပုသိမ်ကြီးမြို့နယ် #ကျေးရွာ #လျှပ်စစ်မီး #ဖြတ်တောက်ခံထားရ
#Ayeyarwaddy_Times