ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ ဒီဇင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ပန်းတနော် အိမ်မဲကားလမ်းဘေးရှိ နေအိမ်များအား စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများမှ လမ်းနယ်နိမိတ်ကျူးကျော်သည်ဟုဆိုကာ ဖိအားပေးဖျက်သိမ်းခိုင်းနေကြောင်း ဒေသခံများက သိရသည်။
လုယက်မှုများ နေ့စဥ်ဆိုသလို ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းတွင် ပန်းတနော်-အိမ်မဲကားလမ်းဘေးရှိ နေအိမ်များ ဖျက်သိမ်းရမည်ဆိုပါက လူသွားလူလာပြတ်လပ်ပြီး လမ်းသွားလမ်းလာများ လုံခြုံမှုမရှိပဲ လုယက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
“ဒီလမ်းမပေါ်မှာ အခုကဘယ်နေရာဖြစ်ဖြစ် အိမ်လေးတွေနီးနီးနားနားရှိတယ်။ လမ်းမှာအချိန်မတော်ဆိုင်ကယ်တစ်ခုခုဖြစ်ရင်တောင် အကူအညီတောင်းလို့ရသေးတယ်။ အိမ်တွေမရှိတော့ရင် ဒီလမ်းမှာ ဆိုင်ကယ်လုတဲ့ကောင်တွေများလာနိုင်တယ်။ ပြီးခဲ့တဲ့လကလဲ ညနေဘက်ပန်းတနော်ဘက်မှာ လူတစ်ယောက်ပြန်လာတာ လမ်းမှာဆိုင်ကယ်၂စီးနဲ့ လိုက်တာအော်ပြေးတာ။ လူနေအိမ်နားရောက်တော့မှပြန်လှည့်သွားကြတာ။ အိမ်တွေသာမရှိရင်ဘယ်လွဘ်မလည်းမိန်ကလေးတွေလည်းသွားလာရတာလုံခြုံမှာမဟုတ်တော့ဘူး”ဟု ပန်းတနော်မြို့မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ ပန်းတနော် အိမ်မဲကားလမ်းဝဲယားရှိအိမ်များအားဖျက်ခိုင်းမှုကြောင့် ငွေကြေးမတတ်နိုင်သည့် ဒေသခံအချို့မှာ ပြန်လည်ဆောက်လုပ်ရန်အခက်ခဲများရှိနေကြောင်းဒေသခံများထံမှသိရသည်။
“အခုတစ်ကြိမ်နဲ့ဆိုတတိယအကြိမ်ဖြစ်ပြီ။ အုပ်ချုပ်ရေးမှူးတွေနဲ့ လိုက်တိုင်းတယ်။ ပြီးတော့ ၇၅ ပေထဲပါတဲ့ အိမ်တွေဆို ဖျက်ဖို့စာထုတ်တယ်။ အခုလိုကုန်စျေးနှုန်းတွေတတ်နေတဲ့အချိန်မှာဖျက်ပြီးရင် ပြန်ဆောက်ဖို့ဆိုတာမလွယ်ပါဘူး။ လမ်းဘေးမှာနေတဲ့အိမ်အများစုကတစ်နေ့လုပ်တစ်နေ့စားတွေပါအကုန်ခက်ခဲနေကြတဲ့အချိန်မှာ အိမ်ဖျက်ခိုင်းတာကတော်တော်ကိုယ်ချင်စာစိတ်မရှိတာပါ” ဟုပန်းတနော်မြို့နယ်မှဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ကားလမ်းမဘေးတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဆောက်လုပ်နေထိုင်နေကြသည့် ဒေသခံများ၏ နေအိမ်များကို လမ်းနယ်နိမိတ်၊ စည်ပင်နယ်နိမိတ်ကျူးကျော်သည်ဟုဆိုကာ ဖိအားပေးဖျက်သိမ်းခိုင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်ကလည်း အလားတူ ဖျက်သိမ်းခိုင်းမှုမျိုး ညွှန်ကြားစာထုတ်စေခိုင်းခဲ့သော်လည်း လက်တွေ့တွင် အမှန်တကယ် ဖျက်သိမ်းခိုင်းခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(အိမ်မဲ-ပန်းတနော်လမ်းပိုင်းတနေရာအား မြင်တွေ့ရစဥ်။)
#ပန်းတနော် #အိမ်မဲ #ကားလမ်း #စစ်ကောင်စီ #လူသွားလူလာ #လုံခြုံမှု #လုယက်
#Ayeyarwaddy_Times