နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်းမှ လူငယ်နှင့် လူလတ်ပိုင်းအများအပြားမှာ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် ပြည်ပထွက်၍ အလုပ်လုပ်သူများပြားနေသဖြင့် တိုင်းအတွင်းရှိ ငါးမွေးမြူရေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုတွေ ၃ ဆကျော်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ အစာဈေး ကြီးမှု ဆီဈေးကြီးမှုတွေအပြင် အလုပ်သမားရှားပါးတဲ့ ပြဿနာပါ ရင်ဆိုင်လာရတာလို့ ငါးမွေးမြူရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ဆီဈေးက အရင်ကထက် ၃ ဆလောက်ပိုဈေးကြီးလာတယ် အစာကလည်း အဲ့လိုပါပဲ အလုပ်သမားက လည်း လိုတိုင်းမရတော့ဘူး အရင်ကထက် ဈေးပိုပေးတာတောင် အလုပ်သမားခေါ်မရတော့ဘူးလို့ ဒေသခံ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အာဏာမသိမ်းခင်က ငါးကန်အလုပ်သမားတစ်ဦးကို နေ့စား တစ်နေ့ ၅၀၀၀ သာပေး ခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေမြင့်တက်လာမှုကြောင့် အလုပ်သမား တစ်ဦးကို ၈၀၀၀ ပေတောင် လုပ်မယ့်သူ မရှိတော့ဘူးလို့ ဆိုပါတယ်။
လူငယ်အများစုက စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ စွပ်စွဲဖမ်းဆီးခံရမှာ ကြောက်လို့ မြို့တက်ပြီးအလုပ်လုပ်သူနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေရှိသလို တချို့ကတော့ စားဝတ် နေရေးမလုံလောက်မှုတွေကြောင့် အလုပ်ကိုင်ပြောင်းလည်းလုပ်ကိုင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times