နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဒီဇင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်းမှာရှိတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်လက်အောက်ခံ ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝမ်ပေါင်ကြေးနီစီမံကိန်းထဲမှာ လုံခြုံရေးယူပေးပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ကို မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၃ ဦးကို နေရာမှာသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အပြင် သေနတ် ၃ လက်ပါ သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ညောင်ပင်ကြီးရွာနောက်ဘက်မှာ ကင်းလှည့်နေတဲ့ ကောင်တွေကို ဝင်ပစ်တာ ရဲ ၃ ယောက်တော့ နေရာမှာတင်သေသွားတယ် ပြီးတော့ သေနတ်နဲ့ ကျည်တွေသိမ်းမိတယ် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်လို့ ရွာသား ၁ ယောက်ထိခိုက်သွားတယ်”လို့ ဆားလင်းကြီးဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်က မကြာခဏဆိုသလို ကျေးရွာတွေကို ကင်းလှည့်ရင်း မီးရှို့လေ့ရှိပြီး ပုသိမ် – မုံရွာ သွားတဲ့ ကားလမ်းမှာ ကင်းပုန်းဝတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။