ဧရာဝတီတိုင်းမ်
(မွန်)၊ ဒီဇင်ဘာလ ၂၀ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ၂ ပါတ်ကျော်ကြာကာလအတွင်း စစ်ကောင်စီလက်အောက်ခံတပ်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများအကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲက မိုင်းဆွဲတိုက်ခိုက်တာရှိမယ်။ စစ်ကောင်စီရဲ့ပစ္စည်းတွေသယ်လာတဲ့ရထားတွဲကိုမိုင်းဆွဲတိုက်ခိုက်တာရှိမယ်။ နယ်မြေကျူးကျော်လာတဲ့တပ်တွေကိုတိုက်ခိုက်တာရှိမယ်။ ၁၄ ရက်နေ့မှာလည်း ကျိုက်ထိုနဲ့သိမ်ဇရပ်ကြားမှာ ကားမိုင်းဆွဲတိုက်ခိုက်ခဲ့တာ ရှိတယ်”ဟု သထုံခရိုင် PDFဝာာဝန်ရှိသူ ကိုအေးမင်းထွန်းမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျိုက်ကော်မြို့နှင့်ကမာစိုင်အကြားတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကား ၂စီးပျက်စီးခဲ့ကာ တပ်သား ၃ ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်တွင်လည်း ကျိုက်ထိုနှင့် သိမ်ဇရပ်ကြားတွင် စစ်ကောင်စီကားအားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့်ဒုံဝန်းဘူတာအကြားတွင် စစ်ကောင်စီလက်နက်ခဲယမ်းများတင်ဆောင်လာသည့် ကုန်တင်ရထားအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားတွဲ ၂ တွဲ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
သထုံခရိုင် PDF တာဝန်ရှိသူမှ “ညောင်ထောက်ရပ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးနဲ့အထက်သေတယ်၊ တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၂ ဦးတိုင်းပြည်အတွက်အသက်ပေးခဲ့ရတယ်၊ သူတို့ကဘက်ကနယ်မြေကျူးကျော်လာလို့ တိုက်ပွဲဖြစ်ခဲ့တာ၊ ပြီးတော့ စစ်ကောင်စီရဲ့နတ်ကြီးစခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖြစ်စဥ်မှာ ကျိုက်ထိုနှင့် ဘီလင်းကြားရှိ တပ်မဟာ ၁ နယ်မြေဖြစ်သည့် ညောင်ထောက်ကျေးရွာသို့ စစ်ကောင်စီတပ်များမှ အင်အား၂၀၀ ဝန်းကျင်ဖြင့် နယ်မြေကျူးကျော်ဝင်ရောက်လာသည့်အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကေအန်ယူထိန်းချုပ်နယ်မြေဖြစ်သည့် တပ်မဟာ (၁) နယ်မြေအတွင်း စစ်ကောင်စီနှင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတို့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း သထုံခရိုင် PDF ထံမှ သိရသည်။
#သထုံခရိုင် #စစ်ကောင်စီ #၂ပါတ် #တိုက်ခိုက်မှု #သေဆုံး
#Ayeyarwaddy_Times