ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၁၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များဖောက်ထွင်းခံနေရပြီး ပစ္စည်းများခိုးယူခံနေရကြောင်းစစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
နယ်မြေမငြိမ်သက်မှုများကြောင့် မတူပီမြို့နယ်မှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့၏ နေအိမ်များဖောက်ထွင်းခံနေရခြင်းဖြစ်ပြီး ပြန်ရောင်းလို့ရမည့် ပစ္စည်းမှန်သမျှ ခိုးယူခံနေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။
“ကျေးလက်ဒေသမှာ ရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အကုန်လုံးနီးပါး ဖောက်ထွင်းခံနေရတယ်။ ပြန်ရောင်းလို့ ရမယ့် ပစ္စည်းမှန်သမျှ အကုန်ခိုးယူခံနေရတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ခိုးယူတာ တစ်ပိုင်း၊ အခုဒေသကာကွယ်ရေးတပ် CDF-Matupiတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း နေအိမ်တွေ ဖောက်ထွင်းခံနေရပြီး ပစ္စည်းတွေ ခိုးယူခံနေရတယ်”ဟု မတူပီမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Matupiထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များလည်း ဖောက်ထွင်းခံနေရပြီး အဖိုးတန်ပစ္စည်းများအပါအဝင် ဆန်၊ ပျဉ်၊ သွပ်၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ နွားနောက်၊ ကျွဲ၊ နွား၊ မွေးမြူရေးတိရိစ္ဆာန်များအပါအဝင် အိမ်မွေးတိရိစ္ဆာန်များနှင့် ခြံအတွင်းစိုက်ပျိုးထားသော ဝဉများလည်း ခိုးယူခံနေရကြောင်းစစ်ဘေးရှောင်အချို့ထံမှ သိရသည်။
စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များဖောက်ထွင်းခံနေရမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများအမျိုးမျိုး ထွက်ပေါ်နေသော်လည်း CDF-Matupiအနေဖြင့် ပြည်သူပိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်စေလိုကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်တပ်တွေ မရောက်နိုင်တဲ့ နေရာတွေမှာလည်း နေအိမ်တွေ ဖောက်ထွင်းခံနေရတာဆိုတော့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကို အခွင့်အကောင်းယူပြီးတော့ ဒေသခံပြည်သူအချို့ကပဲ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတယ်လို့ ထင်တယ်။ ဒီပုံစံအတိုင်းဆိုရင် စစ်ဘေးရှောင်ပြည်သူတွေ နေအိမ်ပြန်တဲ့အခါ စုတ်ပြတ်နေတဲ့ အိမ်တစ်လုံးကလွဲပြီး ဘာပစ္စည်းမှ ကျန်မှာမဟုတ်တော့ဘူး။ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး မည်သူမည်ဝါဆိုတာလည်း ပြည်သူတစ်ချို့က သိတယ်။ ဒါပေမယ့် အမှုဖွင့်အရေးယူမယ့်သူက မရှိဘူး။ CDF-Matupiအနေနဲ့ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို စနစ်ကျကျနဲ့ ကာကွယ်စောင့်ရှောက်ပေးကြဖို့ ပြောကြားချင်ပါတယ်”ဟု မတူပီမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များဖောက်ထွင်းခံနေရမှုနှင့်ပတ်သက်ပြီး တာဝန်ယူ၊တာဝန်ခံဖြေရှင်းပေးမည့် အဖွဲ့အစည်းမရှိခြင်းကြောင့် နေအိမ်များဆက်လက်ဖောက်ထွင်းခံနေရသလို မွေးမြူရေးတိရိစ္ဆာန်များလည်း ဆက်လက်ပျောက်ဆုံးနေကြောင်းဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မတူပီ #စစ်ဘေးရှောင် #နေအိမ် #ဖောက်ထွင်းခိုးယူခံနေရ
#Ayeyarwaddy_Times