ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က လက်နက်အားကိုးဖြင့် အာဏာသိမ်းယူ ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်လုယက်၊ ဖမ်းဆီးထောင်ချ၊ မီးရှို့သတ်ဖြတ်မှုစသည့် လူမဆန်သော စစ်ရာဇဝတ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ အထူးထိခိုက်ပျက်စီးခဲ့ပြီး ငွေကြေးဖောင်းပွခြင်း၊ ကုန်စျေးနှုန်း ကြီးမြင့်ခြင်း၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခြင်းနှင့် အလုပ်လက်မဲများပြားခြင်းစသည့် စီးပွားရေး ကြပ်တည်းမှုများကို ပြည်သူများ ခါးစည်းခံခဲ့ရသည်။
ထိုသို့ လူနေမှုဘ၀ အဆင်မပြေခြင်း၊ စီးပွားရေးခက်ခဲကြပ်တည်းခြင်းနှင့် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်မှုများ နိစ္စဓူ၀ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း (ကိုယ့်ကိုယ်ကို သတ်သေမှုများ) တစထက်တစ ပိုမိုများပြားလာခဲ့သည်။
ထို့ကြောင့် မိမိကိုယ်ကိုယ် ဘာကြောင့်သတ်သေကြတာလဲ၊ မိမိကိုယ်ကို သတ်သေတာက စိတ်ရောဂါ တစ်ခုလား၊ စိတ်ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုပြုမူနေထိုင်မလဲစတဲ့ အကြောင်းအရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ “တယ်လီကျန်းမာ အခမဲ့ အွန်လိုင်း ဆေးခန်း”မှ ဆရာဝန်တစ်ဦးကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး – ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေဟာ ဆေးပညာအရဆိုရင် ဘယ်လိုအခြေအနေတွေကြောင့် ကျူးလွန်ကြတာပါလဲ။ ဆေးပညာအရ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ဘယ်လိုရောဂါအဖြစ် သတ်မှတ်တာမျိုး ရှိပါသလဲ။
ဖြေ – စိတ်ကျန်းမာရေးကောင်းသူတွေရော မကောင်းသူတွေပါ မိမိကိုယ်ကိုအဆုံးစီရင်တဲ့အပြုအမူ လုပ်နိုင်ချေရှိပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့သူ အားနည်းတဲ့သူတွေကတော့ ပိုပြီး အလားအလာများတတ်ပါတယ်။
ဆေးပညာအရ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနဲ့တွဲတတ်တဲ့ စိတ်ရောဂါတွေကတော့ စိတ်ကျရောဂါ၊ အရက်စွဲရောဂါ ၊ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ကြွမူးယစ်ဆေးစွဲရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ တစ်ချို့သော ကိုယ်ရည်ကိုယ်သွေးပြဿနာအချို့ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြဿနာဆိုတာက ဘက်စုံ စဥ်းစားဆင်ခြင်သုံးသပ်မှု မပါဘဲနဲ့ စိတ်လိုက်မာန်ပါ ပြုမူတတ်တာ၊ ရန်လိုတတ်တာကိုပြောခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် မျှော်လင့်ချက်မဲ့သွားပြီလို့ အောက်မေ့တာ၊ အကူအညီမဲ့တယ်၊ အထီးကျန်တယ်၊ ကိုယ့်ကို နားလည်နိုင်မယ့်သူမရှိဘူးလို့ ထင်မြင်ယူဆတာ၊ အသက်ရှင်နေလည်း မထူးတော့ပါဘူး အသက်ရှင်စရာအကြောင်းမရှိတော့ဘူးလို့ မှတ်ယူမိလိုက်တာတွေကို မိမိကိုယ်ကို အဆုံးစီရင်တဲ့ သူတော်တော်များများမှာ တွေ့ရတတ်ပါတယ်။
အလုပ်လက်မဲ့ဖြစ်တာ၊ စားဝတ်နေရေးခက်ခဲတာ၊ ဆင်းရဲမွဲတေတာ စတဲ့ လူမှုဘဝအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ခက်ခဲပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာမျိုးကိုလည်း တွေ့ရပါတယ်။
မေး – သတင်းတွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေ ပိုများလာနေပါတယ်။ ဘာကြောင့် ပိုများလာတယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ ပိုများလာခြင်းဟာ အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေ၊ အကြပ်အတည်းတွေနဲ့ မရေရာမှုတွေ၊ လူ့အခွင့်အရေးချိုးဖော်က်ခံရမှုအပြင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆိုင်ရာ ကူညီထောက်ပံ့မှုရရှိရန်အတွက် အခက်အခဲအမျိုးမျိုး ကြောင့် ဖြစ်ပါတယ်။
မေး – အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ဘယ်လိုတွေ့ရှိရပါသလဲ။ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ လုယက်မှု၊ မီးရှို့မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေက ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို ထိခိုက်နေတာမျိုး တွေ့ရပါသလဲ။
ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ခြုံငုံသုံးသပ်ရရင် ဆုတ်ယုတ်မှုကို တွေ့ရှိရပါတယ်။
စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိုးရိမ်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာဆိုင်ရာ ပြဿနာအမျိုးမျိုးကို လူအတော်များများမှာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ လုယက်မှု၊ မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေက ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးပြဿနာ အတော်များများနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်စေပါတယ်။
ဖြစ်လာရင်လည်း ထိရောက်တဲ့ဆေးကုသမှုရရှိဖို့အတွက် လက်လှမ်းမမီတာ၊ တိမ်းရှောင်နေရတဲ့ သူတွေမှာဆိုရင်လည်း လုံခြုံရေးအရ ဆေးခန်းသွားပြဖို့ မဖြစ်နိုင်တာ၊ ကုန်ကျစရိတ်များလာလို့ မတတ်နိုင်တာ၊ ဝန်ဆောင်မှုတွေ အဆင်မပြေတာ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းဆီက ပံ့ပိုးကူညီမှု ရယူဖို့ခက်တာတွေ ကြုံရပါတယ်။
မေး – တချို့ စစ်တပ်ထောက်ခံသူတွေက ပြောကြတာရှိတယ်။ သူ့ဘာသာ သတ်သေတာ၊ စစ်အာဏာသိမ်းတာနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို သတ်သေမှုတွေ များလာတာက စစ်အာဏာသိမ်းမှုနဲ့ရော သက်ဆိုင်မှု ရှိပါသလား။
ဖြေ – ဒါကတော့ အံ့ဩစရာမရှိတဲ့ မေးခွန်းပါ။ စစ်တပ်ထောက်ခံသူတွေဟာ အမှားအမှန်မခွဲခြား၊ အမှားကိုမှားမှန်းမသိဘဲ ထောက်ခံသူတွေသော်လည်းကောင်း၊ ကိုယ်တိုင်က အကြောက်တရားနဲ့ လိုချင်လောဘကိုအခြေပြုလို့ မှားမှန်းသိရက်နဲ့ အမှန်တရားကို မျက်ကွယ်ပြုသူတွေ သော်လည်းကောင်း ဖြစ်နေကြပါတယ်။ ဒီတော့ သူတို့တွေက အခုလက်ရှိ တိုင်းပြည်မှာ ဖြစ်နေတဲ့ မကောင်းတဲ့အဖြစ်တွေရဲ့ အကြောင်းရင်းတွေနဲ့ အာဏာသိမ်းစစ်တပ်ကို ယှဉ်တွဲ မမြင်ချင်ကြပါဘူး။
ဒါပေမဲ့ ငြင်းမရတဲ့ အချက်တွေကို ပြောပြပါ့မယ်။ အာဏာသိမ်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေဟာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မလုံခြုံတာ၊ အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးရတာ၊ အလုပ်အကိုင်နဲ့ စီးပွားရေး ကျပ်တည်းလာတာ၊ ချစ်ခင်သူတွေဆုံးရှုံးရတာ၊ ချစ်ခင်သူတွေနဲ့ဝေးကွာရတာ၊ မရေရာတဲ့ အနာဂတ်ကိုရင်ဆိုင်ရတာ၊ အချိန်မရွေးအကြောင်းမရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရနိုင်တာ အစရှိတဲ့အခြေအနေဆိုးတွေကို ကြုံတွေ့ရတယ်ဆိုတာ ဘယ်လိုမှ ငြင်းစရာမရှိပါဘူး။
ဒီအချက်တွေဟာ လူအများကို စိတ်ဖိစီးခြင်းနဲ့ စိတ်ကျရောဂါအပါအဝင် စိတ်ရောဂါတွေ ဖြစ်လာစေနိုင်တဲ့ အကြောင်းတွေဖြစ်တဲ့အပြင် အချို့သောသူတွေအတွက် မိမိကိုယ်ကို အဆုံးစီရင်ခြင်းကို တွန်းပို့စေနိုင်တဲ့ အချက်တွေလည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံအဝှမ်း ကျန်းမာစောင့်ရှောက်မှုစနစ်ဟာ အတော်လေး အခြေပျက်ခဲ့ပါတယ်။ ဒါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားကြတာတွေ၊ အဆုံးစီရင်ပြီးသေဆုံးကြတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေ အဖြစ်များလာတယ်ဆိုတာက သတင်းတွေမှာ ကြားနေ မြင်နေရတာပါပဲ။ ဒီနေရာမှာ တူညီတဲ့ ကိန်းခြေအစကတော့ အာဏာသိမ်းအကြမ်းဖက်မှုပါ။
WHO အပါအဝင် နိုင်ငံတကာပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေဖြစ်တဲ့…မတည်ငြိမ်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေအနေတွေရှိတဲ့ဒေသ နိုင်ငံတွေမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင် သေဆုံးခြင်းတွေ အဖြစ်များတယ်ဆိုတဲ့အချက်ကို မျက်မြင်ကိုယ်တွေ့ တွေ့နေရခြင်းပါပဲ။
အဲဒီတော့ “လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို သတ်သေမှုတွေ များလာတာက စစ်အာဏာသိမ်းမှုနဲ့ရော သက်ဆိုင်မှု ရှိပါသလား ” ဆိုတာရဲ့အဖြေက “အင်မတန်သက်ဆိုင်ပါတယ်” ဆိုတာပါပဲ။
မေး – တောင်ကိုရီးယား၊ ရုရှားအပါအဝင် တခြားသော ကမ္ဘာ့နိုင်ငံတွေမှာလည်း ကိုယ့်ဘာသာ သတ်သေမှုတွေ ရှိနေတာ တွေ့ရတယ်။ အဲဒီလို ပြည်ပနိုင်ငံတွေနဲ့ မြန်မာနိုင်ငံက သတ်သေသူတွေ ကရော တူညီမှုက ဘာရှိလဲ၊ ကွာခြားမှုကရော ဘယ်လိုရှိပါသလဲ။
ဖြေ – အားလုံးသိကြတဲ့အတိုင်း မိမိကိုယ်ကို အဆုံးစီရင်ခြင်းက ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။
WHO အပါအဝင် နိုင်ငံတကာပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေအရ မတည်ငြိမ်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေအနေတွေရှိတဲ့ ဒေသ နိုင်ငံတွေမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင် သေဆုံးခြင်းတွေ အဖြစ်များတယ်လို့ တွေ့ရှိထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ကွာခြားမှုကတော့ အဲ့ဒီအခြေခံအကြောင်းတရားတွေကို ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်း ကုစားပေးရမယ့်အစား အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးကိုချိုးဖောက်ပြီး ဆင်းရဲကြပ်တည်းမှု၊ ဆုံးရှုံးမှု၊ မရေရာမှု မျိုးစုံကို တမင်ဖန်တီးနေတာပါပဲ။
မေး – စိတ်ကျန်းမာရေး အားနည်းမှုအခြေအနေကို ဘယ်လိုတိုင်းတာလို့ ရသလဲ။ ဘယ်လို လက္ခဏာတွေ ပြသလဲ။
ဖြေ – စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ ကုသမှုလိုအပ်တဲ့ အခြေအနေကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လိုအပ်တယ်လို့ ကာယကံရှင်က ခံစားရတာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာအခက်အခဲ တွေက နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတာ တွေ ပါဝင်ပါတယ်။
မေး – စိတ်ကျန်းမာရေး အားနည်းနေသူတွေအနေနဲ့ ဘာတွေလုပ်သင့်လဲ။ ဘယ်လိုပြုမူ နေထိုင်သင့်ပါသလဲ။
ဖြေ – စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပုံမှန်လေ့ကျင့်ရန် နည်းလမ်းတွေကတော့ ကျန်းမာရေးဂရုစိုက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစာအာဟာရမျှတအောင် စားတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင်ခန်းတွေ လုပ်တာတွေ ဖြစ်ပါတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေမယ့်အလုပ်၊ ကိုယ်ပိုင်အောင်မြင်မှုလို့ ခံစားရတာတွေကို တစ်နေ့ နည်းနည်းပဲဖြစ်ဖြစ် လုပ်တာ၊ အောင်မြင်မှုလို့ ခံစားရတဲ့အချိန်တွေကို ပြန်သတိပြုပြီး အားမွေးတာတွေ၊ ချစ်ခင်တဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်ရှိပြီး ခံစားချက်တွေကို ရင်ဖွင့်ပြောဆို တိုင်ပင်တာတွေ လုပ်သင့်ပါတယ်။
ကျန်းမာရေးနဲ့ညီတဲ့ စိတ်ဖိစီးမှုလျှော့ချနည်းများကို ပုံမှန်လေ့ကျင့်တာမျိုး ဥပမာဆိုရင် ယောဂ ကစားတာမျိုးပေါ့။ အပန်းဖြေ အနားယူတာ၊ ဝါသနာ ပါတာလေးတွေ လုပ်တာ၊ မိမိကိုယ်ကို နွေးထွေးစွာ အားပေးနှစ်သိမ့်တတ်တာ – စတာတွေ ဖြစ်ပါတယ်။
မေး – ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။
ဖြေ – လက်ဆောင်စကားလေးတစ်ခွန်း အနေနဲ့ ပြောလိုတာက – “အခက်အခဲတွေကို တွန်းလှန်လွန်မြောက်နိုင်စွမ်း ကို ပျိုးထောင်လို့ရတယ်။ မျှော်လင့်ချက်ဆိုတာလည်း အမြဲရှိတယ်။ လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်တတ်တဲ့ အချိန် အခိုက်အတန့်တွေမှာလည်း နွေးထွေးတဲ့ ခွန်အားတွေ မွေးမြူစုဆောင်းရင်း ရှေ့ဆက်ကြမယ်။
လိုအပ်တဲ့အခါမှာလည်း တယ်လီကျန်းမာ (သို့) တခြား စိတ်ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းများနဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါနော်….အမြဲကြိုဆိုနေပါတယ်”လို့ ပြောကြားလိုပါတယ်။
……………………………………………….
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ “တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း”ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ရက်နေ့ (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့)တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
စတင်ဖွင့်လှစ်ချိန်မှစတင်၍ ယနေ့အချိန်ထိ လူနာများအား အခမဲ့ဆွေးနွေးကုသမှုအကြိမ်ပေါင်း ၁ သိန်းကျော် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိတွင် အထွေထွေရောဂါကုဆေးခန်းများ၊ စိတ်ကျန်းမာရေးဆေးခန်းများအပါအဝင် အထူးကုအမျိုးအစား (၂၅) မျိုးအထိ ဆေးခန်းများ ဖွင့်လှစ်ထားရှိပြီး အများပြည်သူများအား အခမဲ့ ဆွေးနွေးကုသပေးလျက်ရှိပါတယ်။
တယ်လီကျန်းမာတွင် တိုင်ပင်ဆွေးနွေးကုသလိုပါက ဖေ့စ်ဘွတ် Messenger ဖြစ်သော…
(https://m.me/telehealthmm ) သို့ မနက် ၈ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်၍ ကြိုတင်ဘိုကင်ယူစနစ်ဖြင့် ဆွေးနွေးကုသမှု “အခမဲ့” ခံယူနိုင်ကြပါတယ်။