ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၁၉ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မူးယစ်ဆေးဝါးရောင်းချနေသူများကို PRDF အဖွဲ့များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် PRDF အဖွဲ့များက မူးယစ်ဆေးဝါးရောင်းချသူများကို ဝင်ရောက်စီးနင်းပြီးဖမ်းဆီးခဲ့ရာအသက် ၄၅ နှစ်အရွယ် ဦးဖိုးထောင်ဆိုသူနှင့် အသက် ၅၃ နှစ်အရွယ် ဦးကုလားဆိုသူ နှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်ဖွဲ့ဝင်များထံမှသိရသည်။

“သူတို့နှစ်ဦးကို မူးယစ်ဆေးဝါး ရောင်းချနေခြင်းများ ရပ်တန့်ရန်အတွက် ပြီးခဲ့သည့် လပိုင်းအတွင်းက ကျနော်တို့ ​PRDF အဖွဲ့ကသတိပေးခဲ့ပြီးပါပြီ။ လိုက်နာမှုမရှိပဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် ကျနော်တို့အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်လည်းကျေးရွာအတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူများကိုလည်း သတိပေးခဲ့ရသည်”ဟု PRDF မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ WY ၆၀၁ လုံး၊ ဘိန်းစာမှုန့် ၄၆ ထုပ်၊ ငွေသား ၂ သိန်း ၇ သောင်း၊ ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၃ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း ကျန်ပစ္စည်းများကိုမူ တော်လှန်ရေးအတွက် လိုအပ်သောနေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလမှာ မူးယစ်ဆေးဝါးများကို အမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF တပ်ဖွဲ့ မှသတင်းထုတ်ပြန်ထားသည်။

#ပုလော #မူးယစ်ဆေးဝါး #မီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times