ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင် ကြံ့ခိုင်ရေးပါတီက ဒေသခံပြည်သူများကို မဖြစ်မနေ အစည်းအဝေးတက်ရမည်ဟုဆ်ိုကာ ဖိအားပေးခေါ်ယူ၍ မဲဆွယ်စည်းရုံး ပြောဆိုမှုများလုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများကို မဖြစ်မနေ အစည်းအဝေးတက်ရမည်ဟုဆ်ိုကာ ဖိအားပေးခေါ်ယူ၍ ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများက မဲဆွယ်စည်းရုံးဟောပြောနေကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ကို ရာအိမ်မှူးကိုယ်တိုင်အိမ်လာပြီး အရေးကြီးတဲ့ အစည်းအဝေးဖြစ်လို့ မဖြစ်မနေတက်ရမယ်။ အိမ်ထောင်ဦးစီးမရှိရင်ကိုယ်စား အနေနဲ့လူငယ်တစ်ဦးက တက်ပေးရမယ်ပြောတယ်။ အကုန်လုံးတော့ ဆင့်မခေါ်ဘဲ တစ်ရွာလျှင် ဘယ်နှစ်ဦးဆိုပြီး တက်ခိုင်းတာ”ဟု မအူပင်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီခန့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က အရေးကြီးအစည်းအဝေးပွဲဟု ပြောဆိုကာ ဖိအားပေးခေါ်ယူခဲ့သော်လည်း လက်တွေ့တွင်မူ ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်စည်းရုံးပွဲသာဖြစ်နေကြောင်း ဖိအားပေးခေါ်ယူခံရသည့် ပန်းတနော်မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်က အစည်းဝေးဆိုလို့သွားတာ အထဲလဲဝင်ရော အဝမှာ လက်မှတ်ထိုးခိုင်းတဲ့လူက အမည်မေးပြီး လက်မှတ်ထိုးခိုင်းတယ်။ အထဲရောက်လို့ မော့ကြည့်တဲ့အခါ ကြံ့ခိုင်ရေးပါတီက လူထုတွေ့ဆုံပွဲဆိုပြီး အခမ်းနားစာတန်းရေးထားမှ သိရတာ။ တချို့လဲ ဒေါသထွက်ပြီး ပြန်တဲ့သူရှိသလို မလွဲမရှောင်သာ တက်ရတဲ့သူကများပါတယ်ဗျာ။ မတတ်သာဘဲပြန်လာရင်လဲ သူတို့အချိန်ဆိုတော့ နီးရာဓါး ကြောက်ရသလိုဖြစ်နေတယ်”ဟု ပန်းတနော်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးပွဲများ လုပ်ဆောင်နေပြီး ဒေသခံများအပေါ် ဘက်ဟိုးစက်ကြီးအမောင်းသင်တန်းဟုဆိုကာ လိမ်လည်ပြောဆို၍ ဖိအားပေးခေါ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #မဲဆွယ်စည်းရုံး
#Ayeyarwaddy_Times