ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၁၉ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ကျုံးရွာဆည်အနီးတွင် ဈေးဝယ်ရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများပါလာသည့် ဖောကားတစ်စီးအား
ဒီဇင်ဘာလ ၁၇ ရေ နံနက် ၇ နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်၍မိုင်းဆွဲခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ထံမှ သိရသည်။
မြိုင်မြို့တောင်ဘက် ၂ မိုင်အကွာရှိ သရက်ဂွ (ပျူ)ရွာမှ မြိုင်မြို့သို့ ဈေးဝယ်လာသည့် အင်အား ၂၅ ဦးခန့်ပါစစ်ကောင်စီဖောကားတစ်စီးအား ရှေ့ထွက်ပြောင်း ၁၅ လုံးဖြင့်စတင်တိုက်ခိုက်ခဲ့ပြီး ပေပါမိုင်းများဖြင့်လည်းမိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပေပါမိုင်းဆွဲတိုက်ခိုက်တာမှာ တပ်သားနဲ့ပျူ ၆ ယောက် ဒဏ်ရာရပြီး ဖောကားကမောင်းလို့မရတော့ဘဲ မြိုင်မြို့ဘက်ကနေ စစ်ကူ ၉ ယောက်ထပ်လာတယ်၊ ဒဏ်ရာရတဲ့သူတွေကို စစ်ကူကားနဲ့သယ်ပြီး မြိုင်ဘက်ကိုပြန်သွားတယ်” ဟု မြိုင်(ပ.က.ဖ)တာဝန် ခံ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှနာရီဝက်ကျော်ကြာ ရမ်းပြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့စီးလာသည့်ကားမှာ ပျက်စီးခဲ့ကာ စစ်ကူလာသည့်စစ်ကောင်စီတပ်သားများမှ ဒဏ်ရာရတပ်သားများအားမြိုင်မြို့နယ်ဆေးရုံသို့ပို့ဆောင်ပြီးနောက် ပျက်စီးခဲ့သည့်စစ်ကားအား မြိုင် အ.ထ.က(၁)ကျောင်းဝင်းအတွင်း ထားရှိခဲ့ကြောင်းလည်း သိရသည်။
မြိုင်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာလ ၁၂ ရက်တွင်လည်း ညောင်တွင်းကျေးရွာအနီးစစ်ကြောင်းထိုးလာသည့် စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရပါသည်။