ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ပျောက်ဆုံးသွားတဲ့ ၇ နှစ်အရွယ်ကလေးငယ်၏ မောင်ချစ်ချစ်တုန်၏ မိခင်ဖြစ်သူမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဆုံးပါးသွားကြောင်း သိရသည်။
အဆိုပါ ကလေးငယ်မှာ မြဝတီမြို့ ၊ အမှတ်(၄) ရပ်ကွက် ၊ ရွှေဘုန်းပွင့် ၁၉ လမ်း ၊ မိုးမခဘုန်းကြီးကျောင်း၏ အနောက်ဘက်တွင် နေထိုင်သည့် ဖခင် ကိုသူ မိခင်ဒေါ်ခင်စန်းညို၏ သားဖြစ်သူဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“ကလေးပျောက်နေတာ ၁ ပတ်ရှိပြီဗျ။ တမြို့လုံး နေရာအနှံလိုက်ရှာပေမယ့် ပြန်မတွေ့သေးဘူးဗျ။ သူ့အမေကတော့ တနေ့က ဆုံးသွားတယ်။ သားပျောက်တဲ့ ဇောနဲ့ရော ရေဖျဥ်းနဲ့ ကျောက်ကပ်ရောဂါ အခံရှိတာနဲ့ရောပေါ့။ ဒီနေ့တော့ မြေချမယ်ဗျ” ဟု မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ပျောက်ဆုံးသွားသည့် ကလေးငယ် မောင်ချစ်ချစ်တုန်အား ၎င်း၏ မိသားစုဝင်များက မြဝတီမြို့အနှံ့လိုက်လံရှာဖွေနေသော်လည်း ယနေ့အချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် ၇ နှစ်အရွယ်ကလေးငယ် မောင်ချစ်ချစ်တုန်၏ မိခင်ဖြစ်သူ ဒေါ်ခင်စန်းညိုမှာ ရေဖျဥ်းနှင့် ကျောက်ကပ်ရောဂါခံစားနေရသူဖြစ်ပြီး ယနေ့တွင် စျာပနအခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Facebook လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားသည့် လူပျောက်ကြော်ငြာများအရ ဒီဇင်ဘာလအတွင်း နေအိမ်များမှ ပျောက်ဆုံးသွားသည့် ကလေးငယ် ၅ ဦးထက်မနည်းရှိနေပြီး မန္တလေး၊ရန်ကုန်နှင့် မြဝတီမြို့များမှဖြစ်ကြကြောင်း လူမှုကွန်ရက်အသုံးပြုသူများထံမှ သိရသည်။
#မြဝတီ #ကလေးငယ် #ပျောက်ဆုံး #၇နှစ် #မိခင် #ဆုံးပါး
#Ayeyarwaddy_Times