ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မိုင်းပျဉ်းကျေးရွာ အုပ်စုအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ၆ ဘီးယာဥ်တစ်စီးပေါ်ကနေ PDF တွေသယ်လာတဲ့ လက်နက်တွေဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီတွေမှာ ဒီဇင်ဘာလ ၁၈ ရက်မနေ့က ဖော်ပြလာပါတယ်။
ပင်လုံဘက်ကနေ ရပ်စောက်ဘက်ကိုမောင်းနှင်လာတဲ့ ဒိုင်နာ ၆ ဘီးယာဥ်ကို မိုင်းပျဥ်းကျေးရွာအနီးမှာ တားဆီးစစ်ဆေးရာမှာ ကားကရပ်တန့်ပေးခြင်းမရှိဘဲမောင်းနှင်ထွက်ပြေးလို့ စစ်ကောင်စီအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ လူတွေလွတ်မြောက်သွားပြီး ကားကိုဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ကားပေါ်ကနေ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။
ဟိုပုံးမြို့နယ်ဟာ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေအတွင်းမှာပါဝင်တာဖြစ်ပြီး ပအိုဝ့်အမျိုး သားအဖွဲ့ချုပ်(PNO) ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် နယ်မြေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးသလို နယ်မြေခံဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုမေးမြန်းလို့မရသေးပါဘူး။
#ဟိုပုံး #စစ်ကောင်စီ #လက်နက်ဖမ်းဆီးရမိ #သတင်းဖြန့် #AyeyarwaddyTimes