ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်
ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း စစ်တိုက်ဖို့ငြင်း ဆန်ခဲ့တဲ့ တနင်္သာရီတိုင်း၊သရက်ချောင်းမြို့အခြေ စိုက် ခမရ ၄၀၅ တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးအပါ တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် ခမရ ၄၀၅ တပ်ရင်း ကတပ်မိသားစုဝင်တွေ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်နယ်မြေအတွင်းက စစ်ကောင်စီတပ်မဲဝိုင်စခန်းကို စစ်ကူ သွားရောက်ပူးပေါင်းဖို့ ခမရ ၄၀၅ ရဲ့ကွပ်ကဲမှုဖြစ်တဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) စကခ မှူး ဗိုလ်မှူးချုပ် အေး မင်းဦးမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားမှုကို ခမရ ၄၀၅ တပ်ရင်းမှူး၊ဒုတပ်ရင်း မှူးနဲ့ တပ်ခွဲမှူး မှူး/ဗက ၁ ဦးတို့ က မသွားရောက်နိုင်ကြောင်းပြန်လည်ပြောဆို၍ အာဏာဖီဆန်တပ်တွင်းပုန်ကန်ခဲ့တာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီတပ်က ခမရ ၄၀၅ စစ်ကြောင်းကို သာလွန်အင်အားနဲ့ပြန်လည်ဝိုင်းပြီး တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို ခမရ ၄၀၅ တပ်ရင်းမှူးအပါ အရာရှိ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေမှုအပေါ် နောက်တန်း တပ်ရင်းမှ မိသားစုဝင်များက စစ်ခေါင်းဆောင်များအပေါ်ဝေဖန်ပြစ်တင်ပြောဆိုမှုများရှိနေပြီး မကျေမနပ်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
”အဲ့ဒီဖြစ်စဉ်က တပ်ရင်းမှူးရော သူ့တပည့်တွေရောအကုန်လုံးတညီတညွတ်ထဲမသွားဘူးဆိုပြီးငြင်းတာ။ ဒါပေ မယ့်တပ်ရင်းမှူး၊ဒုရင်းမှူးနဲ့ မှူး/ဗက တွေက သူတို့ကခေါင်းဆောင်တွေဆိုတော့ သူတို့ဘဲခေါင်းခံပြီး အရေးယူခံလိုက်ရတာ။ တပ်မိသားစုတွေကတော့ သူတို့မတရားခိုင်းတာကိုပြန်ငြင်းတော့လည်းဒီလိုအရေး ယူလို့ဆိုပြီး အထက်ကပုဂ္ဂိုလ်တွေကို ပြောကြဆိုကြနဲ့ မကျေမနပ်တွေဖြစ်နေတယ်” လို့ သရက်ချောင်းတပ်နယ်နဲ့နီးစပ်တဲ့ တပ်သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့စစ်ဘက်အကြီးတန်းအရာ ရှိတွေဟာ တပ်ရင်းမှူး စစ်တက္ကသိုလ်(DSA) အပတ် စဉ် ၄၆ ဆင်း ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဒုတပ်ရင်း မှူးဟာ စစ်တက္ကသိုလ်(DSA) အပတ်စဉ် ၄၇ ဆင်း ဗိုလ်မှူး ၀ဏ္ဏ နဲ့ စစ်တက္ကသိုလ်(DSA) အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူး/ဗက ကြည်သာစိုး တို့ဖြစ်ပြီး တပ်ရင်း မှူးက အိမ်ထောင်မရှိသူ လူပျိုဖြစ်ကာ ၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မှာတော့ မိန်းမနဲ့ ကလေး တွေရှိတယ်လို့သိရပါတယ်။
”တပ်ရင်းမှူး လှိုင်မင်းထွဋ်နဲ့ မှူး/ဗက က အိမ်ထောင်မရှိဘူး၊ ဒုတပ်ရင်းမှူးမှာတော့ မိန်းမနဲ့ကလေးရှိတယ်။ တပ်ရင်းမှူးရော ဒုတပ်ရင်းမှူးရော ဧရာဝတီတိုင်းသားတွေလို့သိရတယ်။ သူတို့ကို ထားဝယ် စကခ ထဲမှာ ချုပ်ပြီးစစ်ခုံးရုံးနဲ့စစ်မယ်လို့သိရတယ်” လို့ သူက ဆက်လက်ပြောပါတယ်။
အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈)နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ကရင်ပြည်နယ်အတွင်း ကို စစ်ဆင်ရေးဝင်ရောက်နေတာဟာ ၂ နှစ်ကျော်ကာလရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည် နယ်အတွင်းတိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုနဲ့ ကရင်တပ်တွေဘက်ကို ပူးပေါင်းသွားမှုတွေများပြား နေ တာဖြစ်ပါတယ်။
အဲ့ဒီလို ထိခိုက်သေဆုံးတွေများပြားနေလို့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာဘဲ စကခမှူး အချိန်းအပြောင်းလုပ်ဆောင်ခဲ့ပြီး အခုလက်ရှိစကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ရတခလက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့(ပုံဟောင်း)။