နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်နှင့် ဓနုဖြူမြို့နယ်များမှာ PDF များ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ပြောက်ကျားဝတ် အရပ်သား သတင်းပေး(ဒလန်)များက ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မအူပင်ခရိုင်အတွင်းက မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်များနဲ့ သတင်းပေး(ဒလန်)များက ကုန်လမ်းရော ရေလမ်းများတွင်ပါ ပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ညောင်တုန်း ဆားမလောက်မှာရော ပန်းတနော် မြစ်ကြောင်းမှာရော မအူပင်မြို့တိုးမြစ်ထဲက သင်္ဘောတွေမှာပါ လိုက်ပြီးစစ်ဆေးတာတွေလုပ်နေတာ။ အဖွဲ့စုံလို့ပြေားရမှာပေါ့။ မီးသတ်တွေ ရဲတွေ စစ်ကောင်စီတပ်တွေနဲ့ ပြောက်ကျားဝတ်အရပ်သားတွေပါတယ်။ သင်္ဘောတွေကို ရပ်ခိုင်းပြီးရှာဖွေစစ်ဆေးတာတွေကိုလုပ်နေတယ်” လို့ ညောင်တုန်းမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် မအူပင်ခရိုင်အတွင်းက မြို့အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း အလားတူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံအချို့က ဆိုပါတယ်။

သတင်းပေး(ဒလန်)တွေရဲ့ သတင်းပေးမှုကြောင့် ယခုလို ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ မအူပင်ခရိုင်စစ်ကောင်စီနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

#မအူပင် #စစ်ကောင်စီ #​PDF #ပိတ်ဆို့ရှာဖွေ
#Ayeyarwaddy_Times