ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာလ ၁၈ ရက်
တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ ခေါ် ရဝ်ဘြာန်းရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ တပ်မဟာ(၂)လက်အောက်ခံတပ်ရင်း(၄၃၄)၏ တပ်စခန်းများကို စစ်ကောင်စီတပ်၏ စကခ(၂၁)မှ ရဟတ်ယာဥ်(၅)စီးဖြင့် ထိုးစစ်ဆင် စီးနှင်းတိုက်ခိုက်ခြင်းကြောင့် ကုန်းသာနှင့် ဟူးမန်းရွာအနီးတို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲတွင် TNLA၏ တပ်မဟာ(၂) တပ်ရင်း(၉၈၇)၊ တပ်မဟာ(၃) တပ်ရင်း(၄၆၇)၊ တပ်မဟာ(၄) တပ်ရင်း(၅၈၆)နှင့် တအာင်းတပ်မတော် ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တပ်ရင်း(၄၃၄)အား အလျင်မြန်ဆုံး စစ်ကူပေးနိုင်ခဲ့ပြီး ကုန်းသာ – ဟူးမန်းသို့ စီးနှင်းဝင်ရောက် လာသည့် စစ်ကောင်စီ၏ စကခ(၂၁) တပ်ဖွဲ့ဝင်များကို အပြင်းအထန် ချေးမှုန်း တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း၌ စက်သေနတ် ၁ လက်၊ စက်သေနတ်အကြီး ၁ လက်၊ စက်သေနတ်အသေး ၁ လက်၊ 22 – လက်ထောက်တွဲသေနတ် ၁ လက်၊ ဘက်ခေါက် ၂ လက်၊ RPG – 7/2 အသီး ၁၉ လုံး၊ M-9 အသီး ၇လုံး၊ မိုင်းများ၊ ကျည်ဆံ ၁၂၀၀ကျော်၊ ဆက်သွယ်ရေးစက် ၁ ခု၊ ဖုန်း ၂ လုံးနှင့် အခြား စစ်အသူံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲသည် ဒီဇင်ဘာလ(၇)ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀မိနစ်မှ ဒီဇင်ဘာ(၁၁)နေ့ည ၁၁ နာရီအထိ (၅)ရက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် နှင့် တိုက်လေယာဉ်တို့ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သကဲ့သို့ မန်တုံအမြောက်တပ်ရင်းနှင့် နမ့်ဆန် အမြောက်တပ်ရင်းတို့မှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် အရပ်သား(၂) ဦး သေဆုံးကာ၊(၄)ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများအပြင် သာသနာရေး အဆောက်အ အုံများနှင့် ပညာရေးအဆောက်အဦများ ထိခိုက် ပျက်စီးခဲ့ရကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဘက်ကလည်း နမ့်ဆန်မြို့နယ်တွင် TNLA ကို တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပဲ PDF များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- TNLA
#နမ့်ဆန် #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times