ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်
သင်္ဃန်းကျွန်းပို့စ် အယ်ဒီတာချုပ်ဖြစ်သူ ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ယမန်နေ့(ဒီဇင်ဘာလ ၁၆ရက်)က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း ရန်ကုန်မြို့ခံ သတင်းသမားများထံမှ သိရသည်။
၎င်းတို့ ၂ ဦးကို အင်းစိန်ထောင်တွင်းတရားရုံးက ပေါက်ကွဲစေတတ်သော ဥပဒေ ပုဒ်မ ၅ ဖြင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ခြင်းဖြစ်ပြီး ဆက်လက်တရားရင်ဆိုင်နေရဆဲ အမှုအချို့လည်း ရှိမရှိကိုတော့ အတိအကျမသိရသေးပေ။
ပြီးခဲ့သည့်နှစ် မေလဆန်းကတည်းက အဖမ်းခံလိုက်ကြရသော ၎င်းတို့ ၂ ဦးကို ယခုမှ အမိန့်ချမှတ်ခဲ့ပြီး သတင်းသမားများကို သတင်းအလုပ် လုပ်နေစဥ် သတင်းမီဒီယာနှင့် မသက်ဆိုင်ပဲ ရာဇဝတ်ပုဒ်မများဖြင့် ယခုလိုအပြစ်ပေးခြင်းက အာဏာသိမ်း စစ်တပ်အနေဖြင့် သတင်းသမားများကို ကြောက်ရွံ့သွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာသမားများက ဝေဖန်ကြသည်။
“ရှင်းပါတယ်ဗျာ။ သတင်းသမားက သတင်းအလုပ် လုပ်တာကို ပေါက်ကွဲပုဒ်မတပ်တာဆိုတော့။ သတင်းသမားတွေက စစ်တပ် အာဏာသိမ်းပြီးထဲက ရတဲ့ နည်းနဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ဆက်လုပ်တော့ စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာတယ်။ အခုချိန်ထိ ထောင်တွေထဲမှာ သတင်းသမားပေါင်း ၆၀ ကျော် ရှိနေတယ်။ ပြီးခဲ့တဲ့တခေါက်က လွတ်ငြိမ်းပေးတာမှာ သတင်းသမား ၅ ဦးပဲ ပြန်လွတ်တယ်။ သူတို့ သတင်းလောကကို ဘယ်လိညပဲ နှိပ်ကွပ်နေပါစေ။ သတင်းသမားတွေက ရတဲ့နည်းနဲ့ ဆက်လက်သတင်းတွေ တင်ဆက်နေကြစဲပါ” ဟု ၎င်းတို့၏ မိတ်ဆွေ လုပ်သက် ၁၅ နှစ်ရှိ သတင်းသမားတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
ပြီးခဲ့သည့်လက အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှုတွင် မထက်ထက်အောင်၏ မိသားစုဝင်အချို့ ထောင်ဝင်စာပို့စဥ် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲစေတတ်သော အက် ဥပဒေ ပုဒ်မ (၅) သည် အနိမ့်ဆုံး ထောင်ဒဏ် (၅) နှစ်မှ (၁၄) နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
#သတင်းထောက် #ကိုဝေလင်း #မထက်ထက်အောင် #ထောင်ဒဏ်
#Ayeyarwaddy_Times