ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်
ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊စစ်ကောင်စီမင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်အတွင်း ယမန်နေ့ ဒီဇင်ဘာ လ ၁၆ ရက် ည ၈နာရီ ၄၀ မိနစ် အချိန်ဝန်းကျင်တွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသ ခံများ၏ ပြောပြချက်အရ သိရှိရသည်။
မင်္ဂလာဒုံမြို့နယ် အနန်းပင်ရပ်ကွက်ရှိ စစ်ကောင်စီလေတပ်လေတပ်စခန်းဌာနချုပ်အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲမှုအားပြင်းကြောင်း သိရှိရသည်။
“ပေါက်ကွဲသံကြီးက ဆက်တိုက်ကြီး အုန်း အုန်းဆိုပြီး ကြားရတာ။ အနန်းပင် လေတပ်လို့ခေါ်မှာပေါ့။ အဲ့ဒီဘက်က လေတပ်စခန်းဌာနချုပ် ထဲမှာကွဲတာ။ ပေါက်ကွဲပြီးမကြာဘူး စစ်ကားတွေနဲ့ လူနာတင်ကားတွေ အများကြီးရောက်လာတာ။ ထိကြတယ်ထင်တယ်” ဟု အနီးဝန်ကျင်နေထိုင်သူ ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး လေတပ်စခန်းနှင့်နီးစပ်သူတစ်ဦးမှ “၁၀၇ မမရှော့တိုက်ဒုံးနဲ့စခန်းထဲကိုပစ်ခံရတာ။ ဆက်တိုက်ပစ်ထည့်ပုံပဲ။ အကုန်တစ်ပြိုင် နက် ထဲပေါက်တာ။ ထိခိုက်မှုကတော့ ပြောလို့မရသေးဘူး၊ လူရော၊အဆောက်အဦတွေပါ ထိခိုက်မှုတွေတော့ရှိတယ်”ဟု အတည်ပြုပြော ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့တစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး မည်သည့်အဖွဲ့မှ ပြုလုပ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ မင်္ဂလာဒုံလေတပ်စခန်းသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ရှော့တိုက်ဒုံးများ ဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းကလည်း ပြည်လမ်းဘေးရှိ မင်္ဂလာဒုံလေတပ်အရာရှိသာအတွင်းဗုံးပစ်သွင်းတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။
#မင်္ဂလာဒုံ #လေတပ်စခန်းဌာနချုပ် #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက်ခံရ #AyeyarwaddyTimes