ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာလ ၁၇ ရက်
တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် စီးနှင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူအချို့ ယမန်နေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် နေရပ်သို့ ပြန်လာကြပြီဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင် ဒေသခံများသည် ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသူများဖြစ်ပြီး တာလတ်၊ ပိန်းလုံနှင့် မန်လုံးကျေးရွာမှ ဒေသခံပြည်သူများဖြစ်ကြကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ (၇)ရက်နေ့က စတင်ကာစစ်ကောင်စီတပ်မှ ကုန်းသာ၊ ဟူးမန်းနှင့် ပန်အလောက်ကျေးရွာအတွင်း ထိုးစစ်ဆင် စီးနှင်းတိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာလ ၁၂ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ဒေသခံ ၂၀၀၀ ကျော်မှာ နေရပ်စွန်ခွာ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
ကုန်းသာကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပါ ပြုလုပ်သည့်အတွက် ကုန်းသာကျေးရွာ အနီးဝန်းကျင်ရှိ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံ၊ ဆာမ်ငမ်နှင့် တာလတ်ကျေးရွာမှ ပြည်သူများက နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးကျောင်းတိုက်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရကြောင်း သိရသည်။
ဓာတ်ပုံ – TNLA
#နမ့်ဆန် #တိုက်ပွဲ #စစ်ဘေးရှောင် #နေရပ်ပြန်
#Ayeyarwadddy_Times