ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့မှာ စစ်ကောင်စီတပ်သားတွေက ငါးဖမ်းတဲ့သူတွေကို ပင်လယ်ပြင်ထွက်တာ သတင်းမပို့လို့ဆိုကာ ငွေ ၅ သောင်းဒဏ်ရိုက်တာတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။
ပင်လယ်ပြင်ထွက် ငါးရှာတဲ့သူတွေကို စက်လှေနဲ့ ပင်လယ်ပြင်ထွက်တာ သတင်းမပို့တာကြောင့် ရှာလာသမျှ ငါးတွေ ပုဇွန်တွေကို သိမ်းပြီး ဒဏ်ငွေ ၅၀၀၀၀ ဆောင်ခိုင်းခဲ့တာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။
“ မြို့ပေါ်တော့မဟုတ်ဘူး ရွာဘက်က တစ်နေ့စာရှာတဲ့ ရေလုပ်သားတွေကို တောင်းတာ အကြောင်းပြချက်ကတော့ဗျာ ပင်လယ်ပြင်ထွက်တာ သူတို့ကို သတင်းမပို့လို့ဆိုပြီးတောင်းတာ ဆီဖိုးဆိုပြီးတော့ တောင်းတာ”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုမျိုး ပင်လယ်ပြင် ငါးရှာထွက်မိလို့ ဒဏ်ငွေဆောင်ရတဲ့ အခြေအနေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူကြီးပိုင်တွေတော့ မသိနိုင်ဘဲ အောက်ခြေမှာ ပြည်သူ့ကို အနိုင်ကျင့်နေတဲ့ အခြေအနေတွေထဲက တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ရှာလာသမျှ ငါးနဲ့ ပုဇွန်တွေကို သိမ်းယူပြီး ဒဏ်ငွေ ၅၀၀၀၀ ဆောင်ခိုင်းတာဟာ လက်နက်နဲ့ ပြည်သူကို ခြိမ်းခြောက်အနိုင်ကျင့်နေတာသာ ဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။