ဧရာဝတီတိုင်းမ်
(ရေဦး) ၊ ဒီဇင်ဘာလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ရွာပေါင်း ၃၀ နီးပါးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး နယ်မြေရှင်း လင်းရေးဆိုပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။
” ဒီပဲယင်းဘက်က ရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းပဲနယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး ကျေးရွာတွေကို အကြောင်းမဲ့မီးရှို့နေတာပါ။ဒီလ ၁၀ရက်နေ့ကတည်း စကစတပ်က ရေဦးနယ် တောင်ခြမ်းနဲ့ အနောက်ခြမ်းကို ညှပ်ပြီး စစ်ကြောင်းထိုးတယ်။တောင်ခြမ်းမှာကခလရ-၃၆၄ နဲ့ အနောက်ခြမ်းမှာတော့ ခမရ-၇၀၁လို့ အကြမ်းဖျဥ်းသိရတာပဲ။နှစ်တပ်ပေါင်း အင်အား ၂၀၀ လောက်ရှိတယ်”လို့ ရေဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော် အမေ့သားက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ကတစ်ပတ်ကြာတဲ့အထိစစ်ကြောင်း ထိုးမီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ရေဦးဒေသခံ ၆၀၀၀ နီးပါးရှိနေပြီး အဲ့ဒီစစ်ရှောင်ပြည်သူတွေကို ရေဦးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။
“ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူ ၆၀၀၀ ခန့်ရှိပါတယ်။ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပူးပေါင်းပြီး စစ်ကြောင်းနဲ့လွတ်တဲ့နေရာတွေမှာ ကြည့်ရှု့စောင့်ရှောက်ထားပါတယ်။ ရိက္ခာ၊အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။မိဘပြည်သူများတက်အားသရွေ့ ကူညီပေးကြပါ”လို့ ပြောပါတယ်။
ရေဦးမြို့နယ်အတွင်းမှာ ခလရ-၃၆၄ နဲ့ ခမရ-၇၀၁တို့ တပ်ရင်းနှစ်ခုပေါင်းကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ရေဦးနယ် တောင်ခြမ်းနဲ့ အနောက်ခြမ်းက ရွာတွေကိုမီးတင်ရှို့နေတာအပါအဝင် မီးရှို့ခံရတဲ့ကျေးရွာပေါင်း ၃၀ နီးပါးအထိရှိပြီလို့ ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းနယ်အရှေ့ခြမ်း ကျေးရွာပေါင်း ၁၉ ရွာနဲ့ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်းတွေပါမချန် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ရက်နေ့ကစလို့ ဒီပဲယင်းအရှေ့ခြမ်းကနေ ရေဦးနယ်တောင်ဘက်ခြမ်းကို တစ်ဖွဲ့ ၊ ရေဦးနယ်အနောက်ဘက်ခြမ်းကို တစ်ဖွဲ့ ၊နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
ဓာတ်ပုံ – ဇွန်လ ၇ ရက်နေ့ဒုတိယအကြိမ်မြောက် ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးနေစဥ်။
#AyeyarwaddyTimes