ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ဒီဇင်ဘာလ ၁၆ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ နတ္တလင်းခရိုင် ၊ ပေါင်းတည်မြို့နယ်အတွင်း၌ စစ်ကောင်စီမှ ယခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဥပဒေအရဟုဆိုပြီး စက်ဘီးစီးရာတွင် ဘဲလ်မပါလျှင် ဒဏ်ငွေ ၈၀၀၀ကျပ် ဒဏ်ရိုက်နေကြောင်း သိရသည်။

“ပထမဆိုင်ကယ်တွေ စဖမ်းတယ်။ဆိုင်ကယ်တွေကို ဖမ်းတော့ တော်တော်များများက စက်ဘီးနဲ့အပြင်ထွက်ကြတာများတယ်။အဲ့တော့ စက်ဘီးဘဲလ်မပါရင်
၈၀၀၀ကျပ်ဒဏ်ငွေဆိုပြီး လုပ်တော့တာပဲ။ဘဲလ်ပါရင်လည်း စက်ဘီးဘရိတ်တို့၊ နောက်မီးသီးတို့ ၊ ‌စက်ဘီးဒေါက်တို့မပါရင်လည်း ဖမ်းတယ် ။ဘာဥပဒေနဲ့ငြိလည်းတော့မသိဘူး။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေနဲ့လို့တော့ ပြောတာပဲ”ဟု ပေါင်းတည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ ဆိုင်ကယ်များကို ဆိုင်ကယ်စီးဦးထုတ်မဆောင်းခြင်း၊ ဆိုင်ကယ်နောက်ကြည့်မှန်မတပ်ခြင်း၊နံပါတ်ပြားမပါခြင်း အစရှိသည့် ယာဉ်စည်းကမ်းဥပဒေနှင့်အညီ စီးနင်းမောင်းနှင်မှုမရှိလျှင် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်တစ်လနှင့်ငွေဒဏ်ချခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။

“ဒီလိုလျှောက်‌ဖမ်းနေကြတော့ တော်ရုံ ရွာဘက်ကလူတွေ စျေးလာမဝယ်ရဲကြတော့ဘူး။အခု ပေါင်းတည်ကစျေးသည်တွေ ငုတ်တုတ်မေ့နေပြီ။အရင်က စည်သလောက် အခု ခြောက်ကပ်ပြီး လမ်းပေါ်မှာ အသွားအလာ သိပ်မရှိသလောက်ပဲ။ဒုက္ခရောက်ရတာက ဈေးသည်တွေနဲ့ စက်ဘီး ၊ ဆိုင်ကယ်အသုံးပြုတွေပဲ။စက်ဘီးသမားတွေကိုကျ လူကိုမဖမ်းဘူး ဒဏ်ပဲရိုက်တာ။ဆိုင်ကယ်သမားကျ လူပါဖမ်းတယ်”ဟု ပေါင်းတည်မြို့မှ ကုန်ရောင်းကုန်ဝယ်ပြုနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တရားဝင်ကြေငြာချက် ထုတ်ပြန်ကာ ဖမ်းဆီးခြင်းမျိုးမဟုတ်ပဲ ရှောင်တခင်ဖမ်းဆီးခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကတ္တီပါဖိနပ်၊ကွင်းထိုးဖိနပ်စီးသူ၊ဂျင်းဘောင်းဘီ၀တ်သူ လူငယ်များကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံမှသိရသည်။

#ပေါင်းတည် #စစ်ကောင်စီ #ယာဥ်စည်းကမ်း #ဥပဒေ #စက်ဘီး #ဘဲလ် #၈၀၀၀ #ဒဏ်ရိုက်
#Ayeyarwaddy_Times