ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၁၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်အပြည့်အစုံဖြင့် ထွက်ပြေးခဲ့ပြီးနောက် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကြပ်ကာ မြို့အနီးတစ်ဝိုက်တွင် အပူတပြင်းလိုက်ရှာနေကြကြောင်းဒေသခံများထံမှ သိရသည်။

“လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်တွေကို မတူပီမြို့မှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ မတူပီမြို့၊ အနီးတစ်ဝိုက်တွေမှာ လိုက်လံရှာဖွေနေကြတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ အရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ လက်နက် ၅ လက်နဲ့အတူ ၃ ယောက်ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ၁၀ ယောက်နီးပါးလောက် ထွက်ပြေးသွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရေအတွက်အား အတိအကျမသိရသေးသလို CDF-Matupiဘက်ကလည်း တစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်များကို လိုက်လံရှာဖွေနေသော စစ်ကောင်စီတပ်နှင့် CDF-Matupiတို့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံတစ်ချို့၏ ပြောဆိုချက်အရသိရပြီး ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးပြီးနောက် မတူပီမြို့အခြေစိုက်၊ ခလရ ၁၄၀ တပ်ရင်းက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေပြီး သေနတ်ပစ်ခတ်သံလည်း ညတိုင်းထွက်ပေါ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

#မတူပီ #စစ်ကောင်စီ #ထွက်ပြေး
#Ayeyarwaddy_Times