ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဒီဇင်ဘာလ ၁၆ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ခင် အား ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီဝန်းကျင်တွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ နှင့် ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဇီးပင်သာကျေးရွာ အုပ်ချုပ်ရေးမှူးဇာ်ခင် သည် စစ်ကောင်စီမှပေးထားသည့် ပစ္စတိုကိုင်ဆောင်သူတစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်၌ရှိနေစဉ် သေနတ်ဖြင့်ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရသည်။
“သူ့ကိုရှင်းလင်းရတာက ပထမကသူကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တယ်၊ စစ်ကောင်စီကပေးထားတဲ့ လက်နက်ကိုင်ဆောင်သူတစ်ယောက်လဲဖြစ်တယ်၊ ရွာထဲမှာဆက်ကြေးတွေကောက်တယ်၊ သူ့ကိုကျွန်တော် တို့ဆီတိုင်ကြားမှုတွေများလာလို့ ရှင်းလင်းလိုက်တာပါ၊ ရှင်းလင်းချိန်မှာအိမ်မှာတခြားသူတွေလဒရှိနေပေမဲ့ သူ့ကိုပဲဦးတည်ပီးပစ်ခတ်ခဲ့ပါတယ်” ဟု ပဲခူးတိုင်းPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် သစ်ကား၊ သစ်ဖောင်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများအား ဆက်ကြေးနှင့်ဖွင့်လှစ်ခွင့်ပြုပြီး ရရှိသည့်ငွေကြေးများအား စစ်ကောင်စီထံပေးဆောင်နေကာ ၎င်းသတင်းပေးတိုင်ကြားမှုကြောင့် နစ်နာခဲ့ရသည့်ဒေသခံများလည်း ရှိသည့်အတွက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးအားနန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ သည် အောက်တိုဘာလ ၂၁ ရက်တွင်လည်း မြပင်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးပိန်အား ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။