ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဒီဇင်ဘာ ၁၆ ရက်

ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင် ရုပ်အလောင်း ၁၅ လောင်းထက်မနည်း တွေ့ရှိခဲ့ပြီး ၂ ဦးကို အဖမ်းမိခဲ့ကြောင်း မြေပြင်မှရရှိသည့် သတင်းအချက်လက်အရ သိရသည်။

ကုန်းသာ၊ ဟူးမန်း၊ ပန်အလောက်အနီးတစ်ဝိုက်တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဂျက်လေယာဥ်၊ ရဟတ်ယာဥ်တို့ဖြင့်လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် မန်တုံ၊ နမ့်ဆန်အမြှောက်တပ်မှလည်း အကြိမ်ပေါင်းများစွာ ပစ်ကူတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု တိုက်ပွဲဝင်ခဲ့သည့် TNLAတပ်သားတစ်ဦးက ပြောသည်။

” သူတို့ဘက်က ဂျက်ဖိုက်တာတို့ ဟိုက်စကီးတို့ ပြီးတော့ လက်နက်ကြီး ပစ်ကူတွေ မရှိဘူးဆိုရင် ဘုန်းကြီးကျောင်းထဲ ပိတ်မိ‌နေတဲ့သူတွေကို အကုန် ရနိုင်တယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများအတွင်း ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ဘက်မှ တပ်သားအချို့ ထိခိုက်ကျဆုံးသူ ရှိသော်လည်း အသေးစိတ်အချက်အလက်များကိုမူ TNLAက ထုတ်ပြန်ထားခြင်း မသိရှိသေးပေ။

ဓာတ်ပုံ – ပေးပို့
#နမ့်ဆန် #ကုန်းသာ #တိုက်ပွဲ #စစ်ကောင်စီ #ရုပ်အလောင်း
#Ayeyarwaddy_Times