ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က ကားလမ်းမပေါ်မှာ စည်းကမ်းမဲ့မွေးမြူထားတဲ့ နွားနဲ့ ဆိတ်တွေကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးအခက်တွေ့နေတယ်လို့ သိရပါတယ်။
အိမ်မဲကနေ ပန်းတနော်သွားတဲ့ ကားလမ်းမပေါ်မှာ စပါးတွေလှန်းတဲ့အပြင် နွားနဲ့ ဆိတ်တွေပါ လွှတ်ထား တာကြောင့် ခရီးသွားပြည်သူတွေ ရှောင်တိမ်းမောင်းနေရပြီး မကြာခဏ ဆိုသလို ယာဉ်တိမ်းမှောက်မှု တွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလမ်းမှာက နေ့တိုင်း နွားတွေ ဆိတ်တွေကို ရှောင်မောင်းနေရတာ မိုးရာသီတုန်းက လွှတ်စရာ နေရာမရှိလို့နားလည်လို့ရတယ် ခုက လမ်းမပေါ်လွှတ်ထားတာ နွားတွေက တစ်ကောင်ထဲမဟုတ်ဘူး အကောင် ၅၀ လောက်ရှိတယ်လို့ ဒေသခံ ခရီးသွားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကားလမ်းမပေါ် စပါးတွေလှန်းထားတဲ့အပြင် နွားတွေ ဆိတ်တွေလွှတ်ထားတာကြောင့် လမ်းဘေးက မောင်းလာချိန်မှာ တိရစ္ဆာန်တွေကို ထပ်ရှောင်ရရင် တိမ်းမှောက်တာများတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး ကားလမ်းမပေါ် စပါးတွေလှန်းပြီး နွားတွေ ဆိတ်တွေ လွှတ်ထားတာကြောင့် အရေးပေါ်လူနာ ပို့ရတဲ့အခါမှာလည်း နှောင့်နှေးတာတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။
လူနာက အရေးကြီးလို့ အရေးပေါ်ကားခေါ်ရင် ပုံမှန် နာရီဝက်မောင်းရတဲ့နေရာက ခုဆိတ်တွေ နွားတွေ ရှောင်နေရတော့ ၃၅ မိနစ်လောက်ဖြစ်တဲ့အခါဖြစ်တယ် ဟိုးတစ်ခါ နွားအုပ်ကြီးဆို ဟွန်းတီးလည်းမရဘူး နောက်ဆုံး လူကိုယ်တိုင်ဆင်းမောင်းမှ လမ်းဖယ်ပေးတာမျိုးတွေရှိတယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့ ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အိမ်မဲ – ပန်းတနော်သွားတဲ့ ကားလမ်းမပေါ်မှာ လွှတ်ထားတဲ့ နွားနဲ့ ဆိတ်တွေကို အိမ်မဲမြို့နယ်အတွင်းမှာ ရှိတဲ့ ကန်ပိုင်ရှင်တွေက မွေးထားတာဖြစ်ပြီး တစ်နေ့လုံး ကားလမ်းမပေါ်လွှတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times