ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်အမှတ်(၈)ရပ်ကွက်၊ ရွှေကျွန်းမြိုင်မှာဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၃ နာရီက အုပ်ချုပ်ရေးမှူးနဲ့ရပ်ကွက်ပြည်သူစစ်အဖွဲ့က လိုင်းကြေးယူကာလုံခြုံရေးလုပ်ပေးထားတဲ့ကြက်ဝိုင်းကို ခရိုင်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ကို လိုင်းကြေးပေးပြီး ရာအိမ်မှူး ဆန်းထူးနဲ့ ပြည့်သူစစ်များလုံခြုံရေးယူပေးထားတဲ့ ရွှေကျွန်းမြိုင်ရပ်ကွက်ကအိမ်ပိုင်ရှင်ကိုမျိုးထွန်းဦးဆောင်တဲ့ကြက်ဝိုင်းကို ခရိုင်ရဲတပ်ဖွဲ့က၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း ၅ ဦးဖမ်းမိပေမယ့် လိုင်းကြေးယူထားတဲ့အုပ်ချုပ်ရေးမှူးကညှိပေးတာကြောင့် ၃၅ သိန်းနဲ့ဈေးတည့်ပြီးအားလုံးပြန်လွှတ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“အုပ်ကြီးက ကြက်ပွဲတစ်ဝိုင်းကို လိုင်းကြေးတစ်သိန်းခွဲ ယူတာ။ ခရိုင်ရဲကသူတို့မရလို့ထင်တယ်။ မြစ်ထဲကနေ ပဲ့ထောင်နဲ့လာပြီး ၀င်ဖမ်းတာ။ ရပ်ကွက်ကတော့ပွဲကြီးပွဲကောင်းပဲ လို့ထင်တာ။ ဘာမှမဟုတ်ဘူး။ ခရိုင်ရဲက ပြန်လွှတ်ပေးချင်ရင်သိန်း ၆၀ တောင်းတာ။ အုပ်ကြီးကသူတာ၀န်ယူတဲ့ဝိုင်းပါဆိုပြီး ၃၅သိန်းနဲ့ ညှိလိုက်တာ ဖမ်းမိတဲ့လူတွေလွှတ်ပေးပြီးရဲတွေလဲပြန်သွားရော”လို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မော်ကျွန်းမြို့နယ် အမှတ်(၈)ရပ်ကွက်က စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်သူဟာ နေအိမ်မှာတင် ၂ လုံးထီရောင်းချနေသူဖြစ်ပြီး သူ့အပိုင်ရပ်ကွက်အတွင်းမှာ ကြက်ဝိုင်း တစ်ပွဲကို တစ်သိန်းခွဲ၊ဖဲဝိုင်းတစ်ဝိုင်းတစ်နေ့သုံးသောင်း၊Bingoလောင်းကစားဝိုင်းတစ်ဝိုင်းတစ်နေ့ရှစ်ထောင် နဲ့ တောင်းယူပြီးရပ်ကွက်ပြည့်သူစစ်အဖွဲ့နဲ့ လုံခြုံရေးယူပေးနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
#မော်လမြိုင်ကျွန်း #အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ် #လိုင်းကြေး #ကြက်ဝိုင်း
#Ayeyarwaddy_Times