နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ ဒီဇင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ခန့်ထားတဲ့ ကျေးရွာတာဝန်ခံ ၁ ဦးကို စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မအူပင်မြို့ခံ ခလရ ၂၇ တပ်ရင်းက ဗိုလ်ကြီး ဇော်မင်းထွန်းနဲ့ မအူပင်မြို့နယ် ကျွဲဂတ်ကျေးရွာ အုပ်ချုပ်ရေးမှူး မြကြီးတို့အဖွဲ့က ကသ္သဝင်ကျေးရွာအုပ်စု တာဝန်ခံ ကိုစန်းအောင်ဆိုသူကို စစ်ကောင်စီ တပ်သားတွေနဲ့အတူဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မပြောသွားဘူး၊ ည ၇ နာရီကျော်လောက်က ဝင်ဖမ်းသွားတာ မအူပင် တပ်က လာဖမ်းတယ်ကြားတယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပန်းတော်မြို့နယ်က ကသ္သဝင်ကျေးရွာအုပ်ချုပ်ရေးမှူးကို မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်ချုပ်ရေးမှူး မြကြီးဆိုသူက အရင်ကလည်း လာရောက်ကြိမ်းမောင်းဆဲဆိုတာတွေ ပြုလုပ်ခဲ့တာရှိပြီး ခုလာဖမ်းချိန်မှာလည်း သူက စစ်ကောင်စီတပ်သားတွေကို ခေါ်လာပြီး လာဖမ်းသွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေလာရောက်ဖမ်းဆီးသွားတဲ့ ကျေးရွာအုပ်စုတာဝန်ခံနဲ့ ခုချိန်ထိ အဆက်သွယ် မရသေးတာကြောင့် မိသားစုဝင်တွေလည်း စိတ်ပူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။