ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဝဲကသာရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ညနေပိုင်းက ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“အဲဒီစစ်ကောင်စီတပ်တွေနဲ့ပျူစေားထီးတွေက အင်အားအတော်များတယ်။ ဖဲဂဇက်ရွာရဲ့ အနောက်ဖက်ကမ်းဘက်ကို စက်လှေနဲ့ကူးသွားကြတယ်။ ပြီးတော့ ကုန်းကျောင်းအတိုင်း ခြေလျှင်စစ်ကြောင်းထိုးပြီး ဝဲကသာကျေးရွာလေးကို ဝင်ရောက်မီးရှို့သွားခဲ့ကြတာ” လို့ မော်လိုက်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ကာ စစ်ကောင်စီတပ်နဲ့ဗျုစောထီး အင်အား၂၀၀ ဝန်းကျင်ဖြင့် မြစ်ကြောင်းတိုင်းဆန်တက်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်တွေက တားစီးတိုက်ခိုက်ရာမှာ မဆန်တက်နိုင်တော့ဘဲ ဖဲဂဇက်ရွာမှာ တစ်ညတည်းခိုသွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင် ဝဲကသာကျေးရွာသည် ဧပြီလအတွင်း ပထမတစ်ကြိမ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဒုတိယတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော်ဝန်းကျင်အနက် လက်ရှိတွင် နေအိမ် ၇ လုံးခန့် သာကျန်ရှိတော့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

#Ayeyarwaddy_Times