ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ လှည့်ကင်းလှည့်နေသည့် စစ်ကောင်စီကားကို ယမန်နေ့ ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)အဖွဲ့ထံမှ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့် တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် ၂ လမ်းမ ကြီးနှင့် ကျန်စစ်သားလမ်းဆုံ မီးပွိုင့်အနီးတွင် ကင်းပတ်နေသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YUA အဖွဲ့တာဝန်ခံမှ ပြောသည်။
“အဖွဲ့က ရဲဘော်တွေက လှည့်ကင်းကားတွေကို အမြဲ မပြတ်စောင့်ကြည့်တယ်။ သေချာပြီ ပုံမှန်ဒီအချိန်ပဲ လာတာဆိုတဲ့အချိန်ကျမှ ပိုင်ပိုင်နိုင်နိုင် ဖောက်ခွဲခဲ့တာပါ။ ၂ ကောင်တော့ပြင်းထန်ဒဏ်ရာရတယ်။ အဲဒီနားတင် လဲကျသွားတာကို တွေ့ရတာပါ။ အဲဒီကားနဲ့ပဲ ပြန်ခေါ်သွားတယ်”ဟု YUA တာဝန်ခံမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုကို YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ဆင်ရေးကို အသက်လျော်ကြေးစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဖွဲ့ဝင်ရဲဘော်များ ဘေးကင်းကြောင်း ၎င်းမှက ဆက်လက်ပြောဆိုသည်။
အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် အရှေ့ဒဂုံရှိ ရပ်ကွက်များသို့ ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ရန်ကုန်မြို့တွင်းတွင် လှည့်ကင်းပတ်နေသည့် စစ်ကောင်စီကားတစ်စီးအား မြင်တွေ့ရစဥ်။)
#အရှေ့ဒဂုံ #စစ်ကောင်စီ #မြို့ပြပြောက်ကြား #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times